မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ ကြာညှပ်ကျေးရွာတွင် စစ်တပ်နှင့် ဒေသခံPDF တို့ တိုက်ပွဲ ဖြစ် ပွားနေသဖြင့် ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။
သပိတ်ကျင်းမြို့နယ် ကြာညှပ်ကျေးရွာတွင် မေလခြောက်ရက်နေ့မှ စတင်ကာ တိုက်ပွဲဖြစ်ပွားနေ ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် နေ့စဥ်ပစ်ခတ်လျက်ရှိရာ မေလ ရှစ်ရက်တွင် စစ်ဘေးရှောင်ပြည်သူတစ်ဦးနှင့် မေလခုနှစ်ရက်တွင် စစ်ဘေးရှောင်နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း စစ်ဘေးရှောင်ကူညီနေသူတစ်ဦးထံက သိရသည်။
“ နှစ်ရက်ဆက်တိုက် သူတို့ဘက်ကနေ လက်နက်ကြီးပစ်နေတယ်။ အိမ်တစ်လုံးလည်း မီး လောင်တယ်” ဟု ၎င်းက MPAသို့ ပြောသည်။
လက်နက်ကြီးထိမှန်သူ သုံးဦးစလုံးမှာ စစ်ဘေးရှောင်နေစဉ် ထိမှန်ခြင်းဖြစ်ပြီး မေလရှစ်ရက်က အိမ် တစ်လုံးပေါ်သို့ လက်နက်ကြီးကျခြင်းဖြစ်ကာ လုံခြုံရေးအရ လက်နက်ကြီးထိမှန်သော နေရာများကို ပြောကြားခြင်း မရှိပေ။
ကြာညှပ်ကျေးရွာတွင် နေအိမ်မီးရှို့ခံရသည့် အခြေအနေကိုလည်း အဝေးမှ မြင်တွေ့ရကြောင်းလည်း ဒေသခံ စစ်ဘေးရှောင် အမျိုးသားတစ်ဦးကပြောသည်။
“ ကျတော်တို့ လှမ်းမြင်နေရတယ်လေ။ ရွာဘက်ကနေ မီးခိုးလုံးကြီးတွေတက်လာတာ။ မီးလောင် နေတာမြင်ရတယ်။ဒါပေမဲ့၊ တိုက်ပွဲ ဖြစ်နေတုန်းဆိုတော့ မပြန်ရသေးဘူး။ အိမ်အတိအကျ မသိရသေးပါဘူး” ဟု ၎င်းကပြောသည်။
ထွက်ပြေးတိမ်းရှောင်နေရသောကြာညှပ်ရွာအပါအဝင် ရွာလေးရွာက စစ်ဘေးရှောင်ပြည်သူ ၂၀၀၀ကျော်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါး အကူအညီလိုအပ်နေပြီး ယနေ့(မေလကိုးရက်) နံနက်ပိုင်းအထိ စစ်ဘေးရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။
“ ဒီဘက်က ရွာတွေက ရွာငယ်လေးတွေပေါ့ဗျာ။ အခု စစ်ရှောင်ဦးရေက အရမ်းများလာတော့ ရွာငယ်လေးတွေဘက်မှာ စုထားရတယ်။ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေပါတယ်” ဟု စစ်ဘေးရှောင် ကူညီနေသူက ပြောသည်။
ကြာညှပ်ရွာတိုက်ပွဲနှင့် ပတ်သက်ပြီး ဒေသခံPDFတပ်ဖွဲ့တို့က သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။