ရာသီဥတုပူပြင်းမှုကြောင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့အချို့၏ တပ်စခန်းများတွင် ရေအရင်းအမြစ်များ ခန်းခြောက်ပြီး သောက်ရေနှင့် သုံးရေများ ခက်ခဲနေကြောင်း တော်လှန်ရေးရဲဘော်များထံ မှ စုံစမ်းသိရှိရသည်။
ကော့ကရိတ်မြို့နယ်အတွင်းရှိ PDF တပ်စခန်း နေရာပေါ်မူတည်ပြီး နီးစပ်ရာ၊ မြစ်၊ ချောင်း၊ တောင်ကျရေနှင့် ရေတွင်းများကို အားကိုး သုံးစွဲနေရသော်လည်း၊ ၂၀၂၄ခုနှစ် ဧပြီ လဆန်းပိုင်းမှ စတင်ကာ၊ ရေတွင်းများ ခန်းခြောက်ခြင်း၊ မြစ်ရေ၊ ချောင်းရေများ နည်းပါးလာခြင်းနှင့် တောင်ကျရေ စီးဆင်းမှု မရှိခြင်းများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
” ရေတွေက ခန်းကုန်တော့ ရှိတဲ့ရေကိုပဲအဆင်ပြေသလို သုံးကြရပါတယ်။ သောက်ရေအတွက်ကတော့ ရေသန့်စက်ရှိရင်တော့ ရေသန့်စက်ထဲကနေ ရေစစ်ပြီးသောက်ကြတာတွေရှိတယ်။ ဒါပေမဲ့ များသောအားဖြင့် ကျတော်တို့ဆီမှာက ရေကို ကျိုချက်ပြီးသောက်ကြတာများတယ်။ ရာသီဥတုက ပူလာတော့ ရေတွင်းတွေဆိုရင်လဲ ရေခန်းပြီး ပိုနိမ့်လာတယ်။ နိမ့်လာတော့ မြေပြင်နဲ့ ပိုနီးလာတဲ့အတွက် ရေကပိုပြီး မသန့်ဘူး။ ရေမသန့်တဲ့အခါကျတော့ ချိုးရေပြသနာရော၊ သောက်ရေပြသနာရော ၂ ခုလုံး ကြုံရတယ်” ဟု ကရင်ပြည်နယ်၊ တပ်စခန်းတစ်ခုမှ LGBT ရဲဘော်တစ်ဦးက ဆိုသည်။
ထိုကဲ့သို့ ရေများခန်းခြောက်ခြင်းနှင့် အတူ ရေမသန့်ခြင်းများဖြစ်ပေါ်ကာ တော်လှန်ရေးရဲဘော်အချို့ ဝမ်းပျက် ဝမ်းလျှောနှင့် အရေပြားပြသနာများ ကြုံတွေ့နေရကြောင်းလည်း သိရသည်။
“ အကိုတို့ရှေ့တန်းမှာ ကြုံရတာတော့ ရဲဘော်တွေအနေနဲ့ ရေရမလွယ်တော့ ရေသိပ်မသောက်ကြတာမျိုးပေါ့၊ အဲ့ဒီတော့ ဆုံးရှုံးထားတဲ့ ရေဓာတ်ကို ပြန်မဖြည့်နိုင်လို့ ခေါင်းမူး၊ ခေါင်းကိုက်နဲ့ သွေးပေါင်ကျတာတွေ အဖြစ်များတယ်။ တချို့ကတော့ မသန်တဲ့ရောသောက်လို့ နှုတ်ခမ်းမှာ ရေယုန်လို့ အဖုပေါက်တာတွေ၊ ဝမ်းသွားတာတွေ ဖြစ်ကြတယ်” ဟု ရေအခက်အခဲနှင့်ပတ်သက်၍ ရဲဘော်တစ်ဦးက ၎င်းကြုံတွေ့နေရသည်ကို ရှင်းပြသည်။
ပူးပြင်းခြောက်သွေ့ရာသီဖြစ်သည့် နွေရာသီကာလတွင် ရေရှားပါးမှုနှင့် သောက်သုံးရေပြတ်လပ်မှုအား အပူပိုင်းဒေသ ဖြစ်သည့် စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတို့အပြင် မြန်မာနိုင်ငံနေရာအနှံ့တွင် ကြုံတွေ့နေရလျက်ရှိသည်။
လူများ၏ ဖန်တီးမှုကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်မှု ပိုမိုများပြားလာပြီး ကမ္ဘာကြီးသည့် တစ်နေ့တခြား ပိုမိုမှုနွေးကာ နောက်ဆက်တွဲအဖြစ် ရေရှားပါးမှု ပြသနာများကို ရင်ဆိုင်လာရခြင်းဖြစ်သည်။
ထို့ပြင် မိုးခေါင်ရေရှားမှုဖြစ်စဉ်များ ပိုမိုဖြစ်ပွားလာမှုကြောင့် လာမည့်နှစ်များအတွင်း ကမ္ဘာပေါ်ရှိ လူသန်းပေါင်းများစွာသည် ရေအငတ်ဘေးကြုံတွေ့ရလိမ့်မည်ဟု ကုလသမဂ္ဂကလည်း ထုတ်ပြန်ထားသည်။