ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်၁ မြန်မာဘက်ခြမ်း၌ စစ်ကောင်စီတပ်သားများ ပြန်လည်နေရာယူထားကြောင်း တံတားကူးလက်မှတ် သက်တမ်းသွားသူများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ ဧပြီ ၂၇ရက်၊ နံနက် ၁၀နာရီခန့်တွင် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၁ကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ ခြင်းဖြစ်ပြီး တံတားကူးလက်မှတ် ပြုလုပ်သူ အလွန်များပြားနေကြောင်းလည်း သိရသည်။
“ အရင်ရက်တွေသွားလုပ်တုန်းက စစ်ကောင်စီတပ်သားတွေ တစ်ယောက်မှ မတွေ့ခဲ့ဘူး။ အခုမြ၀တီတိုက်ပွဲငြိမ်သွားလို့ တံတားပြန်ဖွင့်ပေးလို့ တံတားကူးလက်မှတ် သက်တမ်းသွားတိုးတော့မှ မြန်မာဘက်ခြမ်းမှာ စစ်သား လေးငါးယောက်လောက် နေရာယူထားတာကိုတွေ့ရတယ်” တံတားကူးလက်မှတ် သက်တမ်းတိုးခဲ့သည့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးကပြောသည်။
ထို့ပြင် မြ၀တီမြို့တွင်း၌လည်း စစ်ကောင်စီနှင့် BGF(KNA) တပ်ဖွဲ့တို့ပူးပေါင်းကာ ကင်းလှည့်မှုများရှိနေကြောင်း မြ၀တီမြို့ခံများထံမှ သိရသည်။
“ စစ်ကောင်စီ ပြန်ထိုင်ထားတယ်ဆိုတာက အရင်ကတည်းက သူတို့နေရာလေ၊ BGF နဲ့စစ်ကောင်စီက သူတို့အကျိုးစီးပွားတွေရှိနေတော့ မြ၀တီက ဒီလိုပဲသွားနေအုန်းမှာဘဲ” ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးက ပြောသည်။
မြ၀တီမြို့၊ ခလရ ၂၇၅မှ ထွက်ပြေးခဲ့သည့် စစ်ကောင်စီတပ်သားများသည် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၂ တွင် ခံစစ်ပြင်ပြီးနောက် ၂၀၂၄ခုနှစ်၊ ဧပြီ ၂၀ရက်တွင် KNLA ပူးပေါင်းတပ်တို့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကာ၊ ဧပြီ ၂၁ရက်တွင် အမှတ် ၁ တံတားကို မြန်မာဘက်အခြမ်းက ပိတ်ခဲ့ခြင်းဖြစ်သည်။