စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်းရှိ လုပ်သားကျေးရွာကို စစ်ကောင်စီတပ် နှင့်ပျူစောထီးများပူးပေါင်းပြီး အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ မေ ၈ရက်၊ နေ့လယ် ၁၂နာရီခန့်တွင် ပုလဲမြို့နယ်၊ အင်မထီးပျူစောထီးကျေးရွာမှ ထွက်လာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးအင်အား ၅၀ ခန့်ပါရှိသည့် စစ်ကြောင်းသည် လုပ်သားကျေးရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် အလုံး ၅၀ ခန့် မီးလောင် ပျက်စီးခဲ့ခြင်းဖြစ်သည်။
“ လုပ်သားရွာက အင်မထီးရဲ့ အရှေ့ဘက်မှာ ရှိတာ၊ တိုက်ပွဲလည်း မရှိဘူး။ သက်သက်မဲ့ ဝင်ရှို့တာ၊ အိမ် အလုံး ၅၀ ကျော်လောက်က ပြာကျသွားတယ်၊ ရွာထဲတော့ ပြန်မဝင်ရဲကြသေးဘူး” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက MPA သို့ ပြောသည်။
“ အခုကတော့ ရွာထဲလည်း မနေရဲကြတော့ တောတွေထဲမှာပဲ နေနေကြရတယ်၊ သူတို့(စစ်ကောင်စီနှင့် ပျူစောထီး) ထွက်သွားပြီဆိုလည်း ပြန်မဝင်ရဲသေးဘူး” ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုသည်။
ပုလဲမြို့နယ်အတွင်းရှိ အင်မထီးနှင့် ဇီးဖြူကုန်း ရွာများသည် ပျူစောထီးအင်အားတောင့်တင်းသော ကျေးရွာနှစ်ခုဖြစ်ပြီး၊ ကျေးရွာအတွင်း၌ ဘန်ကာများကို အခိုင်အမာတည်ဆောက်ထားသည့်အပြင် စက်သေနတ်များနှင့် စစ်လက်နက်ပစ္စည်းများ တပ်ဆင်ထားသည့် ကျေးရွာများ ဖြစ်သည်။
“ အင်မထီး၊ ဇီးဖြူကုန်းက ပျူရွာတွေနဲ့ ကန့်ဒေါင့်ရဲစခန်းရယ်က ပုလဲနယ်ထဲမှာ ဒုက္ခအပေးဆုံးပဲ၊ ရိက္ခာကုန်ရင် စစ်တပ်က လေယာဥ်နဲ့ လာချပေးတယ်။ မပေးရင် သေနတ်ဖောက်ပြီး ရွာတွေထဲကို ဝင်ယူတယ်။ ပစ္စည်းတွေဖျက်ဆီးတယ်” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ အမျိုးသမီးတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်တွင်လည်း အင်မထီးပျူစောထီးကျေးရွာမှ ပျူစောထီးများက လုပ်သားကျေးရွာအတွင်းရှိ နေအိမ်အချို့ကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူအချို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
စစ်ကောင်စီအာဏာသိမ်းပြီးချိန်မှစ၍ ၂၀၂၄ ခုနှစ်၊ မတ် ၃၀ ရက်အထိစစ်ကောင်စီတပ်နှင့် လက်အောက်ခံ အဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် သုံးနှစ်ကျော်ကာလအတွင်း နေအိမ်ပေါင်း ၈၃၇၄၆ လုံး ဆုံးရှုံးခဲ့ရကြောင်း Data For Myanmar က ထုတ်ပြန်ထားသည်။