တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ မြိတ် – ထားဝယ်ကားလမ်းပေါ်ရှိ ပဲဒက်စစ်ကောင်စီစခန်းကုန်းကို မေ ၈ ရက်၊ နံနက်ပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တိုက်ပွဲအတွင်းစစ်သားရှစ်ဦး သေဆုံးကာ စစ်သုံ့ပန်း ၂၆ ဦး နှင့် လက်နက်မျိုးစုံအလက် ၃၀ သိမ်းဆည်းနိုင်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
ပဲဒက်ကျေးရွာရှိ အဆိုပါစခန်းကုန်းကို မေ ၅ ရက်၊ နံနက်ပိုင်းမှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လေးရက်မြောက်နေ့တွင် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ရဲဘော်ဂျူပီတာက ရှင်းပြသည်။
“ စခန်းသိမ်းပြီး နောက်ဆက်တွဲ လက်ရှိ အခြေအနေက ပြောရရင် စကစတွေက တိုက်ခိုက်ရေးစတင်တဲ့နေ့မှာကတည်းက ရေကြောင်းကနေ စစ်ကူတွေ ပို့နေတာရှိတယ်။ အစ်ကိုတို့ ဘက်က ကာထားနိုင်တော့ သူတို့ကမ်းပေါ်မတက်နိုင်ဘူး။ ဒါပေမဲ့ သူတို့ မနေ့၊ ညနေ ၄ နာရီခွဲမှာ ကျောက်စည်ရွာကနေ တစ်နေရာ တက်တယ်။ ပြီးတော့ ည ၁၂ နာရီခွဲမှာ ဒီဘက် ပဲဒက်နဲ့နီးတဲ့ ပဲဝကမ်းခြေကနေတက်တာရှိတယ်။ အခုတော့ သူတို့ ကုန်းတက်ရင် အင်အား ၈၀ လောက်သူတို့ ရောက်လာတယ်။ အစ်ကိုတို့ဘက်ကတော့ လက်ရှိကာပစ်တာတွေ၊ စကစရဲ့ တက်လာမဲ့လမ်းကြောင်းတွေ ဖြတ်တောက်နိုင်ဖို့အတွက် ပြင်ဆင်နေတယ်” ဟု ၎င်းက MPA ကို ပြောသည်။
အဆိုပါ စခန်းတွင် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီး စုစုပေါင်း အင်အား ၄၀ ခန့်ရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF တည်ထောင်ခြင်း ၃ နှစ်ပြည့်တွင် ယခုကဲ့သို့ စခန်းသိမ်းတိုက်ပွဲများဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
” တိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကိုတော့ လတ်တလောကျွန်တော်တို့ဆီမှာပဲ ထိန်းသိမ်းထားပါတယ်။ လက်ရှိကတော့ ထွက်ပြေးတာတွေလည်း လိုက်ဖမ်းနေရဆဲပါ။ လေယာဉ်ကလည်း ဗုံးကြဲနေတုန်း တခြားနေရာတွေမှာလည်း စခန်းသိမ်းတာတွေ တပြိုင်နက် လုပ်ဆောင်နေတုန်းပါ” ဟု တနင်္သာရီတိုင်းစစ်ဌာန-ပြန်ကြားရေးတာဝန်ခံ ကိုဂျိုကာက ဆိုသည်။
ယင်းတိုက်ပွဲများအတွင်းစစ်ကောင်စီရေတပ်မှ လက်နက်ကြီးပစ်ကူ ၁၃ ကြိမ်နှင့်ရဟတ်ယာဉ်၊ တိုက်လေယာဉ်များဖြင့် လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀ ပြုလုပ်ကာ ဗုံးသီး အလုံး ၁၀၀ ခန့်ကြဲချ၍ ပြန်လည်ခုခံခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။
ထို့ပြင် လက်ရှိအချိန်တွင်လည်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေပြီး ရေတပ်သင်္ဘောများပေါ်မှလည်း လက်နက်ကြီးများဖြင့် ပစ်ကူပေးမှုများလုပ်ဆောင်နေကြောင်း သိရသည်။
အဆိုပါ စခန်းကုန်းအား တိုက်ခိုက်သိမ်းပိုက်မှုကို ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်း၊ ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်း၊ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း၊ Saw Dragon ဒရုန်းတပ်ဖွဲ့၊ ဒေါန ဒရုန်းတပ်ဖွဲ့၊ YAF ဒရုန်းတပ်ဖွဲ့၊ KNLA တပ်မဟာ ၆ တပ်ရင်း ၂၇ ၊ တပ်မဟာ ၄ တပ်ရင်း ၁၂ ၊ ဖယ်ဒရယ်စစ်ကြောင်း၊ ဒေါင်းညီနောင်စစ်ကြောင်းနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များမှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော်နှစ်ဦး ကျဆုံးကာ ရဲဘော် ၆ ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီ ၃၀ ရက်ကလည်း တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ တုံးဗျောကြီးကျေးရွာရှိ စစ်ကောင်စီနှင့်ပျူစောထီး ပူးပေါင်းဂိတ်စခန်းအား တော်လှန်ရေးပူးပေါင်းတပ်များက သွားရောက်တိုက်ခိုက်ခဲ့ရာ ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။