“ မြန်မာနိုင်ငံမှာနေရတာအဆင်မပြေတော့ဘူးလို့ ခံစားလာရတယ်။ အဲ့ဒါကြောင့် ကျွန်တော် ကိုရီးယားစာသင်တန်းတက်ပြီးတော့ ကိုရီးယားမှာအလုပ်သွားလုပ်ဖို့ လုပ်နေတာ” ဟု ကိုရီးယားဘာသာစကားသင်တန်းတက်ကာ ကိုးရီးယားနိုင်ငံသို့သွားရန်ပြင်ဆင်နေသည့် အသက် ၂၅ နှစ်အရွယ် ကိုရန်ပိုင်(အမည်လွှဲ)ကပြောသည်။
၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းမှုဖြစ်ပြီး နောက်ပိုင်းတွင် ကိုရန်ပိုင်နည်းတူ လမ်းပျောက်လာသည့် မြန်မာလူငယ်များအနေဖြင့် နိုင်ငံခြားသို့ထွက်ကာ အလုပ်လုပ်လိုသူများပြားလာပြီး နေရပ်ကိုစွန့်ခွာကာ မြို့ကြီး၊ ပြကြီးများသို့တက်၍ နိုင်ငံခြားထွက်ရန်ပြင်ဆင်ကြတော့သည်။
အာဏာသိမ်းခဲ့သည့်ဖြစ်စဥ်ကြောင့် တိုင်းပြည်ချွတ်ခြုံကျသွားချိန်တွင် မိသားစုစားဝတ်နေရေးအခက်အခဲ၊ စီးပွားရေးအခက်အခဲ၊ အလုပ်အကိုင်ရှားပါးမှု၊ ကုန်စျေးနှုန်းကြီးမြင့်မှုစသည့် ပြဿနာများကြောင့် လူငယ်များသည် နိုင်ငံခြားသို့ထွက်ခွာအလုပ်လုပ်ရန် ကြိုးစားမှုများပြားလာရခြင်းဖြစ်သည်။
ထိုသို့ လူငယ်များ နိုင်ငံခြားသို့ထွက်ကာ အလုပ်လုပ်မည်ဟု ကြံစည်နေချိန်မှာပင် စစ်ကောင်စီက ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် စစ်မှုမထမ်းမနေရဥပဒေထုတ်ပြန်လိုက်ချိန်မှာတော့ လူငယ်ထု၏စိုးရိမ်မှုက ထပ်မံမြင့်တက်လာသည်။
စစ်မှုမထမ်းမနေရဥပဒေထုတ်ပြန်လာပြီးနောက် မြို့နယ်ရပ်ကွက်ကျေးရွာများတွင် စစ်မှုထမ်းဆောင်ရမည့် အသက်ပြည့်မီသည့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းလူငယ်များအား စာရင်းလိုက်လံကောက်ခံချိန်တွင် ပြည်ပထွက်ခွာအလုပ်လုပ်မည့် လူငယ်များအနေဖြင့် ထပ်မံလမ်းပျောက်ကြရပြန်သည်။
စစ်မှုထမ်းဥပဒေကိုတိမ်းရှောင်ရင်း ရရာနည်းလမ်းဖြင့် နိုင်ငံခြားသို့ထွက်ခွာကြရန် ကြိုးစားလာကြတော့သည်။
မြန်မာနိုင်ငံအတွင်းရှိ လူငယ်အများပြားမှာ ပြည်ပသို့အလုပ်လုပ်ကိုင်ရန်ထွက်ခွာသွားကြသလို အခြားလူငယ်များမှာလည်း စစ်ကောင်စီလက်အောက်တွင် စစ်မှုမထမ်းလိုသဖြင့် တော်လှန်ရေးအင်အားစုများနှင့်ချိတ်ဆက်ကာ တော်လှန်ရေးတပ်ဖွဲ့အသီးသီးထံဝင်ရောက်သွားသူများလည်းရှိကြသည်။
ထို့ကြောင့် ဒေသအချို့တွင် လူငယ်များမရှိသလောက်နည်းပါးလာပြီး စိုက်ပျိုးရေးကိုအဓိကထားလုပ်ကိုင်သည့် မြန်မာနိုင်ငံအဖို့ ကျေးလက်တောရွာများတွင် လုပ်သားရှားပါးမှုပြဿနာဖြင့်ပါ ရင်ဆိုင်လာကြရသည်။
“ စစ်မှုထမ်းဥပဒေထွက်လာတော့ လူငယ်တွေအားလုံးက မြို့တက်သူကတက်၊ နိုင်ငံခြားထွက်သူကထွက်နဲ့ ရွာမှာ လယ်လုပ်မယ့်လူငယ်တွေမရှိတော့ဘူး။ တချို့ရွာတွေဆိုရင် လူငယ်တွေအကုန်လုံးမရှိတော့ဘူး ။ လူကြီးပိုင်းတွေ ကလေးတွေပဲ ကျန်တော့တယ်” ဧရာဝတီုင်း၊ ကျုံပျော်မြို့နယ်အတွင်းနေထိုင်သည့် တောင်သူတစ်ဦးက ပြောသည်။
ယခင်အချိန်များက လယ်ယာလုပ်ငန်းလုပ်ကိုင်ကြသည့် ကျေးလက်တောရွာများတွင် လုပ်နိုင်ကိုင်နိုင်စွမ်းရှိသည့် လူငယ်လုပ်သားများစွာဖြင့် လယ်ယာလုပ်ငန်းကိုလုပ်ကိုင်ကြရသည်။ ထွန်ယက်သူ၊ ပျိုးနှုတ်သူ၊ ကောက်စိုက်သူ၊ ကောက်ရိတ်သူ၊ စပါးခြွေလှေ့စသဖြင့် လယ်ယာလုပ်ငန်းစဥ်တစ်ခုလုံးက လူငယ်လုပ်သားအားကိုသာ အဓိကထားလုပ်ကိုင်နေကြရသည်။
“ အလုပ်သမားကမရှိတော့ဘူး။ လာမယ့်မိုးရာသီမှာ မိုးစပါးစိုက်ဖို့အတွက်တောင် တော်တော်လေးအခက်တွေ့နေပြီ။ ရှိတဲ့လူနဲ့ပဲ လုပ်ကိုင်ရမှာပဲ” ဟု ကျုံပျော်မြို့နယ်အတွင်းနေထိုင်သည့် စပါးစိုက်တောင်သူတစ်ဦးက ညည်းတွားသည်။
လယ်ယာလုပ်ငန်းလုပ်ကိုင်ကြသည့် ကျေးလက်ဒေသများတွင်သာ လုပ်သားရှားပါးခြင်းပြဿနာနှင့်ရင်ဆိုင်နေကြရခြင်းမဟုတ်၊ အခြားသောစီးပွားရေးလုပ်ငန်းလုပ်ကိုင်နေကြသည့်နေရာများတွင်လဲ လုပ်သားရှားပါးမှုပြဿနာက အနည်းနှင့်အများရင်ဆိုင်ကြုံတွေနေကြရသည်ပင်။
“ ဒီအတိုင်းသာဆက်ဖြစ်နေရင် လုပ်ငန်းတွေရပ်ဆိုင်းရတဲ့အထိဖြစ်သွားနိုင်တယ်” ဟု ပုဂံဒေသတွင် ဒေသထွက်ကုန်လုပ်ငန်းလုပ်ကိုင်သည့် လုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြုသည်။
ထိုသို့ စစ်မှုထမ်းဥပဒေကိုတိမ်းရှောင်လို၍ ပြည်ပသို့ထွက်ကာ အလုပ်လုပ်ကိုင်ရန် စီစဉ်ထားကြသည့် လူငယ်များ ပိုမိုများပြားလာချိန် စစ်ကောင်စီက ထပ်မံ၍ အမျိုးသားများပြည်ပထွက်ခွာအလုပ်လုပ်ကိုင်ခွင့်ကို ပိတ်ပင်လိုက်သည်ဆိုသည့် သတင်းများ ပျံ့နှံ့လာပြန်သည်။
အဆိုပါသတင်းကြောင့် ပြည်ပထွက်ခွာရန်ကြိုးစားနေကြသည့်လူငယ်များမှာ ထပ်မံလမ်းပျောက်ကြရပြန်သည်။
“ စစ်မှုမထမ်းမနေရဥပဒေ ထုတ်ပြန်လာတော့ ကျွန်တော်တို့က ဂျပန်သွားဖို့ စာမေးပွဲဖြေပြီးပေမဲ့အလုပ်ခေါ်စာမရသေးတော့၊ အလုပ်မရခင် စစ်မှုထမ်းရမှာစိုးရိမ်လာတယ်။ ဂျပန်ကိုသွားမယ့်အစား နီးစပ်တဲ့ ထိုင်းနဲ့ စင်ကာပူကိုသွားမလားလို့စဥ်းစားနေရပြီ ဘာလုပ်လို့လုပ်ရမှန်းလဲမသိဘူး။ လမ်းပျောက်နေပြီ၊ အခုထပ်လာပြန်ပြီ အမျိုးသားများ ပြည်ပထွက်ခွာခွင့်ပိတ်ပင်တယ်ဆိုတော့ သူတို့စစ်ထဲပဲ အကုန်လုံးသိမ်းကြုံးထည့်ဖို့ ကြံစည်နေတယ်လို့ထင်တယ်၊ အနာဂါတ်တွေပျောက်ကုန်ပြီ” ဟု ဂျပန်သို့ သွားရောက်အလုပ်လုပ်ကိုင်ရန်စောင့်ဆိုင်းနေသည့် ကိုလပြည့်ကဆိုသည်။
အမျိုးသားများပြည်ပထွက်ခွာအလုပ်လုပ်ကိုင်ခွင့်ပိတ်ပင်လိုက်ခြင်းသည် လူငယ်များ၏အိမ်မက်ကို ထပ်မံရိုက်ချိုးလိုက်ခြင်းဖြစ်သည်ဟုလည်း ကိုလပြည့်က မှတ်ချက်ပြုသည်။
အဆိုပါ အမိန့်သည် တရားဝင်စာထုတ်ပြန်ညွှန်ကြားထားခြင်းမရှိသေးသည့်အတွက် စောင့်ကြည့်ရမည့်အခြေအနေဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအချို့က ပြောကြသည်။
“ သတင်းတော့ကြားတယ်။ တရားဝင်အကြောင်းကြားလာတာမရှိသေးတော့ စောင့်ကြည့်ရမဲ့အနေအထားမှာရှိတယ်။ အခုက ပြည်ပထွက်ခွာ အလုပ်လုပ်ခွင့် PJ ပတ်စ်ပို့စ်ကိုင်ဆောင်ထားသူတွေကို ပိတ်ပင်တယ်လို့သိရတယ်။ ပြည်ပအလည်အပတ် PV ပတ်စ်ပို့စ်ကိုင်ဆောင်ထားသူတွေကိုပိတ်ပင်တယ်လို့မကြားသေးဘူး။ ဘယ်လိုတွေ ဆက်လုပ်မလဲဆိုတာတော့ စောင့်ကြည့်ရမှာပေါ့။ ပြည်ပထွက်ဖို့ အလုပ်လာအပ်ထားတဲ့ လူငယ်တွေတော့ စိုးရိမ်နေကြတယ်” ဟု ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုက ဆိုသည်။
ပြည်ပထွက်ခွာရန် စီစဉ်ထားသည့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးကလည်း “ အမျိုးသားတွေကို ပြည်ပအလုပ်ထွက်လုပ်ခွင့်ပိတ်လိုက်တယ်ဆိုတော့ မထူးတဲ့အဆုံး အောက်လမ်းကပဲထွက်ဖို့ရှိတော့တာပေါ့” ဟု ပြောသည်။
စစ်တပ်အာဏာသိမ်းခဲ့သည့်အချိန်မှစ၍ လူငယ်များ၏ ရည်မှန်းချက်၊ မျှော်လင့်ချက်များ ကျိုးပဲ့သွားခဲ့ရပြီး ပြည်ပသို့ထွက်၍ အလုပ်လုပ်ရန်ကြိုးစားနေချိန်တွင်လည်း ပြည်ပထွက်အလုပ်လုပ်ခွင့်ကို ပိတ်ပင်လိုက်ပါက လူငယ်များ၏ အနာဂတ်ကို ထပ်ကာထပ်ကာရိုက်ချိုးသကဲ့သို့ဖြစ်နေပေလိမ့်မည်။
မြန်မာပြည်တွင် လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများအလွန်ရှားပါးနေပြီး လက်ရှိအလုပ်လုပ်ကိုင်နေကြသူများမှာလည်း လုပ်ခလစာနည်းပါးခြင်းပြဿနာနှင့် ရင်ဆိုင်နေကြရပြန်သည်။ ထို့ပြင် အခြေခံစားသောက်ကုန်ပစ္စည်းများမှအစ ကုန်ဈေးနှုန်းကြီးမြင့်နေမှုများကြောင့် ဝင်ငွေ၊ ထွက်ငွေမျှတမှုမရှိကြတော့ပေ။
“ နယ်ဘက်မှာ လယ်လုပ်ဖို့ကြတော့လည်း ပင်ပန်းတာနဲ့ ရတာနဲ့က မကိုက်ညီဘူး။ မြို့ပေါ်မှာ အလုပ်လုပ်ဖို့ကြတော့လည်း လစာလည်းနည်းတယ်။ အလုပ်ခေါ်လိုက်ရင်လည်း ခေါ်လိုက်တဲ့ရာထူးနေရာနဲ့ ပေးတဲ့လစာက မကိုက်ဘူး။ ကုန်စျေးနှုန်းတွေသာ တက်လာတယ် ရတဲ့လစာက တက်မလာဘူး” ဟု ကိုရန်ပိုင်(အမည်လွှဲ)ကဆိုသည်။
အကျိုးဆက်အနေဖြင့် လူငယ်များအတွက် အနာဂတ်ပျောက်၊ လမ်းပျောက်နေသည့် မြန်မာနိုင်ငံတွင် လူငယ်များမရှိသလောက်ရှားပါးလာနိုင်ပြီး လူငယ်လုပ်သားရှားပါးမှုပြဿနာပိုမိုကြီးထွားလာကာ စိုက်ပျိုးရေးလုပ်ငန်း၊ စက်မှုလက်မှုလုပ်ငန်းများ၊ အလုပ်ရုံများ ပိတ်သိမ်းရသည်အထိ ဆိုးရွားလာနိုင်မည်သာဖြစ်ကြောင်း မြန်မာပြည်သူများက ကြိုတင်မှန်းဆနေကြတော့သည်။