ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ ဗလမင်းထင်တံတားအနီးရှိ မိုင်းနားစုပေါင်းဂိတ်ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)က တိုက်ခိုက်ခဲ့ရာ ရဲအရာရှိတစ်ဦးအပါအဝင် ခြောက်ဦးသေဆုံးခဲ့ကြောင်း KIAသတင်းရင်းမြစ်ထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ မေ ၉ရက်၊ မွန်းလွဲ ၃နာရီခန့်တွင် အထက်ပါ စစ်ဆေးရေးဂိတ်ကို KIA ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ ရှောင်တခင်ဝင်ပစ်ခဲ့တာ၊ သူတို့ဂိတ်မှာရှိတဲ့ ရဲအရာရှိ တစ်ဦးအပါအဝင် ခြောက်ယောက်သေတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။
ထိုကဲ့သို့ စုပေါင်းဂိတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ၏ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) မှ တိုက်ပွဲဖြစ်ပွားရာ နေရာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟု မြစ်ကြီးနားဒေသခံများက ပြောသည်။
စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် စုပေါင်းဂိတ်အနီးရှိ စက်သုံးဆိုင်တစ်ခု မီးလောင်သွားခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးကပြောသည်။
“ စစ်တပ်ဘက်က လက်နက်ကြီးနဲ့ လှမ်းပစ်တာ အဲ့ဒီနားက ဆီဆိုင်ပေါ်ကျပြီး ဆီဆိုင်မီးလောင်သွားတယ်။ ပြီးတော့ စစ်တပ်ဘက်က ဒဏ်ရာရတဲ့သူတွေကော၊ အလောင်းတွေရောကို လူနာတင်ကားနဲ့ လာတင်သွားတယ်” ဟု တိုက်ခိုက်မှု ဖြစ်ပွားသည့် နေရာအနီးရှိ ဒေသခံ အမျိုးသားတစ်ဦးကပြောသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်ကားများဖြင့် ရောက်ရှိလာပြီး တံတားဖြတ်သန်းခွင့်ကို ပိတ်ထားလိုက်ကြောင်း ဝိုင်းမော် ဒေသခံတစ်ဦးက ဆိုသည်။
ထိုသို့ ဗလမင်းထင်တံတား ဖြတ်သန်းခွင့် ပိတ်ထားလိုက်သည့်အတွက် ဝိုင်းမော်မှ မြစ်ကြီးနားသို့ ပြန်ကြမည့် ခရီးသွားများ ခတ်ချိုရေဆိပ်မှ စက်လှေဖြင့် ကူးခဲ့ရသည်ဟု ခရီးသွားပြည်သူတစ်ဦးက ဆိုသည်။
“ တိုက်ပွဲဖြစ်ပြီးတော့ တံတားကို စစ်တပ်က လာပိတ်တယ်။ ဘယ်သူ့ကိုမှ ပေးမဖြတ်တော့ဘူး။ အဲ့ဒါကြောင့် မြစ်ကြီးနားကို သွားဖို့ ခတ်ချိုရေဆိပ်ကနေ စက်လှေနဲ့ကူးခဲ့ရတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိအချိန်တွင် KIA က ကချင်ပြည်နယ်အနှံအပြားတွင် စစ်ရေးလှူပ်ရှားမှုများ အရှိန်မြှင့် လုပ်ဆောင်နေပြီး စစ်ကောင်စီဘက်ကလည်း မြစ်ကြီးနား၊ ဗန်မော် စသည့် မြို့ကြီးများတွင် အင်အားဖြည့်တင်းမှုများ လုပ်ဆောင်လျက်ရှိ သည်။