ရန်ကုန်တိုင်းအတွင်း တိုက်ခန်းအရောင်းအဝယ် အငှားစျေးနှုန်းများမြင့်တက်နေကြောင်း အိမ်ခြံမြေအကျိုးဆောင်များနှင့် အိမ်ငှားရမ်းနေထိုင်သူများထံမှ မေ ၉ ရက်တွင်စုံစမ်းသိရရှိသည်။
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် ယခင်က သိန်း ၅၀၀ ခန့်သာ ပေါက်စျေးရှိသည့် တိုက်ခန်းများမှာ ယခုအချိန်တွင် သိန်း ၁၀၀၀ ခန့်ဖြင့်ရောင်းအဝယ်ဖြစ်နေကြောင်း လိုင်စင်ရ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ဆိုသည်။
“တိုက်ခန်းစျေးတွေက တက်နေတာ။ အရင်ကနဲ့ဆို ထက်ဝက်ကျော်လောက်တက်နေတယ်။ ရွှေစျေးနဲ့ ဒေါ်လာစျေးမငြိမ်တော့ တိုက်ခန်းစျေးနှုန်းတွေက တက်နေတယ်။ အရင်က သိန်း ၅၀၀ တန်လောက်တိုက်ခန်းက အခုဆိုရင် သိန်း ၁၀၀၀ လောက်ထိခေါ်နေတယ်။ အောက်စျေးဆိုတာမရှိတော့ဘူး။ ကြိုက်ရောင်းကြိုက်ဝယ်ပဲဖြစ်နေပြီ။ ကွန်ဒိုတိုက်ခန်းတွေဆိုရင်လည်း အနည်းဆုံး သိန်း ၃၀၀၀ လောက်က စပြီးစျေးပေါက်နေတယ်” ဟု လိုင်စင်ရ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက MPA ကိုပြောသည်။
ထို့ပြင် တိုက်ခန်းငှားရမ်းခစျေးနှုန်းများလည်း မြင့်တက်နေပြီး ကြိုတင်ငွေချေငှားရမ်းမှုများရှိနေကြောင်း ၎င်းကရှင်းပြသည်။
“တိုက်ခန်းငှားရမ်းခတွေဆိုရင်လည်း စျေးတက်နေတာ။ ရခိုင်တို့၊ ဘယ်တို့ဘက်ကနေ စစ်ဖြစ်လို့ ပြောင်းလာကြတဲ့သူများနေတော့ တိုက်ခန်းတွေက ငှားရမ်းတာတွေအရမ်းများနေတော့ စျေးတွေလဲတက်နေတယ်။ နှစ်သိန်းနဲ့ သုံးသိန်းကြားကအနည်းဆုံးပဲ။ ပြီးတော့ ငှားမယ်ဆိုရင်လည်း တော်တော်နဲ့ မရကြတာများတယ်။ လူလွတ်မယ်လို့ သတင်းကြားတာနဲ့ တန်းပြီးကြိုတင်ပြီးငွေချေငှားရမ်းနေကြတယ်” ဟု ၎င်းကဆိုသည်။
တိုက်ခန်းငှားရမ်းနေထိုင်သူများအနေဖြင့်လည်း တိုက်ခန်းငှားရမ်းခစျေးနှုန်းများ ကြီးမြင့်နေသည့်အပြင် လွယ်လွယ်နှင့် ငှားရမ်း၍ မရတော့ခြင်းကြောင့် အခက်တွေ့နေရကြောင်း သာကေတမြို့နယ်မှ တိုက်ခန်းငှားရမ်းနေထိုင်သူအမျိုးသမီးတစ်ဦးက ဆက်လက်ပြောသည်။
“အရင်က တစ်သိန်းသုံးသောင်းနဲ့ ငှားခဲ့တဲ့ တိုက်ခန်းကအခု နှစ်သိန်းဖြစ်နေပြီ၊ တိုက်ခန်းငှားဖို့ရှာရတာလဲမလွယ်တော့ဘူး။ အရင်က တိုက်ခန်းငှားတာ ခြောက်လ၊ တစ်နှစ်အနည်းဆုံးချုပ်ရတာ။ အခုကျတော့ တစ်နှစ်ချုပ်မယ်လို့ ပြောတာတောင် ပေးမချုပ်တော့ဘူး။ ပွဲစားတွေနဲ့ အိမ်ရှင်တွေက တိုက်ခန်းအငှားစျေးနှုန်းတွေတက်နေတာသိတော့ အများဆုံး ခြောက်လချုပ်ပဲလက်ခံတော့တယ်။ သုံးလချုပ်တွေလဲ ပြန်လက်ခံတယ်။ သုံးလချုပ်ပြီးလို့ ပြည့်သွားရင်လည်း စျေးနှုန်းက ထပ်တက်သွားပြန်ရော၊ ပထမက ပိုက်ဆံလေးစုပြီးတော့ တိုက်ခန်းလေးဝယ်မလို့ စဥ်းစားထားတာ အခုတိုက်ခန်းစျေးနှုန်းတွေနဲ့ အနားတောင်မကပ်နိုင်တော့ဘူး” ဟု သာကေတမြို့နယ်မှ တိုက်ခန်းငှားရမ်းနေထိုင်သူအမျိုးသမီးတစ်ဦးက ဆိုသည်။
လက်ရှိအချိန်တွင် ရန်ကုန်မြို့သာကေတ၊ ဒေါပုံ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာဘက်ရှိ တိုက်ခန်းအရောင်းစျေးနှုန်းများမှာ အထပ်မြင့်အပေါ်ဆုံးထပ်သည် ယခင် သိန်း ၃၀၀ ခန့်မှ ယခု သိန်း ၅၀၀ ခန့်အထိ စျေးပေါက်နေကြောင်းသိရသည်။
ထို့ပြင် မြေညီတိုက်ခန်းများမှာ ယခင် အနည်းဆုံး သိန်း ၇၀၀ ခန့်ရှိခဲ့ရာမှ လက်ရှိအချိန်တွင် သိန်း ၁၅၀၀၊ ၂၀၀၀ ခန့်အထိ အနည်းဆုံးပေါက်စျေးရှိနေပြီး မြို့တွင်း Downtown ဧရိယာနှင့် မြေနီကုန်းစမ်းချောင်းတဝိုက်ရှိ တိုက်ခန်းများမှာ စျေးပိုမြင့်ကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ စုံစမ်းသိရှိရသည်။