ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ် – မြန်မာနယ်စပ် မူဆယ်မြို့တွင် စမတ်ကတ် (Unique Identity Number – UID) ပြုလုပ်ရန်အတွက် တရုတ် ယွမ်ငွေ နှစ်ထောင်နီးပါး ပေးနေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ ခုနှစ်၊ မေ ၆ရက်မှစတင်ကာ တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားအနေဖြင့် UID ပြုလုပ်ထားခြင်းမရှိပါက မြန်မာပြည်တွင်းသို့ ပြန်လည်ပို့ဆောင်နေခြင်းလည်းဖြစ်သည်။
ထို့ကြောင့် မူဆယ်မြို့ရှိ လူဝင်မှုကြီးကြပ်ရေးရုံး၌ UID ပြုလုပ်ရန် တုံတင်ယူထားသူသည် တစ်သောင်းကျော်ခန့်ရှိပြီး အမြန်လုပ်ဆောင်လိုသူများအနေဖြင့် ယွမ်ငွေ နှစ်ထောင်ပေးရခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ရွှေလီမြို့သို့ အလုပ်သွားလုပ်သူ တစ်ဦးကပြောသည်။
“တကယ်တမ်းက တုံကင်လည်း မဝယ်ရသလို စမတ်ကတ်လည်း အလကားလုပ်ပေးရမယ်ပေါ့၊ နယ်စပ်ဆိုတော့ သိတဲ့အတိုင်း ပွဲစားက များတယ်။ လုပ်ချင်တဲ့လူလည်းများတယ်။ အခန့်မတင့်ရင် အလိမ်ပါခံရနိုင်တယ်။ စမတ်ကတ်မပေါ်ခင်တုန်းကလည်း တစ်ပတ်ကတ်နဲ့ ဝင်ဖို့ စာအုပ်အနီလုပ်ဖို့ ပွဲစားတွေနဲ့ပေါင်းပြီး လုပ်စားတာပဲမဟုတ်ဘူးလား”ဟု ၎င်းက ပြောသည်။
လက်ရှိတွင် UID ရှိမှသာ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Boder Pass) အသစ် လျှေက်ခွင့်ရပြီး၊ မူဆယ်မြို့ရှိ လူဝင်မှုကြီးကြပ်ရေးရုံးမှလည်း တစ်ရက်လျှင် လူဦးရေ ၁၀၀ကျော်အတွက်သာ လုပ်ပေးနိုင်သဖြင့် အမြန်ပြုလုပ်လိုသူများသည် ပွဲစားမှ တဆင့် တရုတ်ယွမ်ငွေ နှစ်ထောင်(မြန်မာကျပ်ငွေ ၁,၀၆၀,၀၀၀)ပေးနေရခြင်းဖြစ်သည်ဟု ပွဲစားနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
“သူခိုးက ငါတို့ ခိုးတယ်လို့ ဝန်ခံတာရှိလို့လား။ အဲ့ဒီလိုပဲလေ ငါတို့ ပေါင်းပြီးလုပ်တာပါလို့ ဘယ်ပြောမှာလဲနော်” ဟု ၎င်းက ပြောသည်။
ထို့ပြင် မူဆယ်မြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးရုံး၌ မြန်မာတစ်နိုင်ငံလုံးမှ စမတ်ကတ်ရရှိရန် တုံကင်ရယူထားသူသည် တစ်သောင်းကျော်ရှိနေသည့်အတွက် အခြားပြည်နယ်နှင့်တိုင်းများမှ ပြည်သူများအနေဖြင့် ၂၀၂၅နှစ်ကုန်အထိ ကြာမြင့်နိုင်ကြောင်း UID ကတ်ပြုလုပ်နေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
“စမတ်ကတ်လုပ်ဖို့က တုံကင်ကြိုယူရတယ်။ ပိုက်ဆံလည်း ကြိုပေးရတယ်။ သူတို့က ဘယ်နေ့၊ ဘယ်နေ့မှဆိုပြီး သတ်မှတ်ပေးတယ်။ ကျမတော့ ဘယ်လ သွားကျမှာလည်းတော့ မသိဘူး။ တရုတ်ငွေပေးရတယ်။ ၂ ထောင်တောင်းတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါ UID ကတ်သည် အသက် ၁၀နှစ်အထက် ပြည့်သူတိုင်း လျှောက်ထားခွင့်ရှိပြီး စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ကိုယ်ရေးအချက်အလက်နှင့် ဇီ၀အချက်အလက်ကောက်ယူကာ ဂဏန်း ၁၀လုံးအထထက်ပါသည့် သက်သေခံလက်မှတ် ထုတ်ပေးခြင်းဖြစ်သည်။
၂၀၂၄ခုနှစ်၊ ဧပြီ ၁ရက်မှ စတင်ကာ UID ကတ်စတင်ထုတ်ပေးခဲ့ခြင်းဖြစ်ပြီး UID ကတ်ပြုလုပ်မှသာ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ထုတ်ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။