စစ်ကောင်စီ၏စစ်ကြောင်းထိုးမှု တစ်လကျော်ကြာမြင့်နေပြီဖြစ်သော စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းတွင် ရာသီဥတုကြောင့် စစ်ဘေးရှောင်နှင့်ကာကွယ်ရေးရဲဘော်အများအပြား ဖျားနာမှုများရှိနေပြီး ဆေးဝါးအကူအညီများလည်းလိုအပ်လျက်ရှိကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ကလေးမြို့နယ်မြောက်ပိုင်းကို စစ်ကောင်စီက ဧပြီ ၅ ရက်မှစတင်၍ စတင်စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး မြောက်ပိုင်းရှိ ကျေးရွာရှစ်ရွာမှ နေအိမ်တစ်ထောင်နီးပါး မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရကာ ဒေသခံသောင်းနှင့်ချီ၍ ဘေးလွတ်ရာသို့ရှောင်တိမ်းနေကြရသည်။
“ အခုထိဆိုးနေတယ်ဗျ။ တစ်လကျော်ပြီ။ မြောက်ပိုင်းတစ်ကြောလုံး စစ်ဘေးရှောင်နေကြရတယ်။ ရဲဘော်တွေရော၊ ပြည်သူတွေရောတော်တော်လေးဖျားကြတယ်လို့ပြောတယ်။ အခုကရာသီဥတုအကူးအပြောင်းကာလဆိုတော့လေ။ အထူးသဖြင့် အမျိုးသမီးနဲ့ကိုယ်ဝန်ဆောင်၊ ကလေးသူငယ်တွေဆိုလို့ရှိရင် တော်တော်လေးအဖျားဝင်ကြတယ်” ဟု ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီရှိ ကိုဗိုက်ပူက MPA ကိုပြောသည်။
စစ်ကောင်စီ၏ စစ်ကြောင်းထိုးမှုကို ခုခံနေကြရသော ကာကွယ်ရေးရဲဘော်များအနေဖြင့် ကာလကြာလာသည်နှင့်အမျှ ရာသီဥတုဒဏ်နှင့် ရိက္ခာပြတ်လပ်ခြင်းများကို ကြုံတွေ့နေကြရပြီး အားအင်ကုန်ခမ်းခြင်းနှင့်ဖျားနာခြင်းများ ဖြစ်ပေါ်နေကြောင်း သိရသည်။
“ ဆေးဝါးလေးတွေလည်းလိုတယ်။ ပြီးတော့ အဟာရဖြည့်အစားအစားလေးတွေပေါ့နော်။ အဲ့ဒီဟာတွေကျတော့လည်း ပိုက်ဆံရှိမှလုပ်လို့ရတဲ့ဟာတွေဆိုတော့လေ။ အဓိကတော့ အဲ့ဒီအကူအညီတွေ လိုအပ်တာပေါ့နော်” ဟု ကလေးမြို့နယ်မြောက်ပိုင်းတွင် တိုက်ပွဲဝင်နေသော CDF(KKG)၏ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
ကလေးမြောက်ပိုင်းရှိ စစ်ဘေးရှောင်များအနေဖြင့် ဝမ်းပျက်၊ ဝမ်းလျှောနှင့် နမိုးနီးယားကြောင့် နှာစေး၊ ချောင်းဆိုးနှင့် ဖျားနာခြင်းများဖြစ်ပွားနေကြပြီး ကလေးမြောက်ပိုင်း အဝင်အထွက်လမ်းများကို စစ်ကောင်စီကနယ်မြေစိုးမိုးထားသောကြောင့် ဆေးပစ္စည်းများ ဝယ်ယူရခက်ခဲနေကြောင်း သိရသည်။
“ ဆေးဝါးသယ်တာကတော့ လမ်းတွေပိတ်နေတော့ တဖက်နိုင်ငံကနေ သယ်ယူရတာရှိသလို ခြေလျင်လမ်းပါ အသုံးပြုနေရလို့ ခက်ခဲပါတယ်။ ကုသရေးကတော့ တတ်နိုင်သမျှ ဝိုင်းဝန်းကြိုးစားနေပါတယ်။ ဒီနေ့လည်း ရှိတဲ့ဆေးနဲ့ ဆင်းရမှာ” ဟု Mobile Medical Team (MMT West Division)မှ ဆရာမဒေါ်ရတီအုန်းက ရှင်းပြသည်။
Mobile Medical Team အနေဖြင့် ကလေးမြို့မြောက်ပိုင်းကျေးရွာတစ်ရွာတွင် ဆေးခန်းတစ်ခုဖွင့်လှစ်ထားသော်လည်း ဆေးဝါးရှားပါးမှုနှင့် အရေးပေါ်လူနာတင်ယာဥ်တစ်စီးလိုအပ်မှုရှိနေကြောင်း သိရသည်။
ကလေးမြောက်ပိုင်းတွင် စစ်ကောင်စီ၏စစ်ကြောင်းသည်လည်း ဆက်လက်ရှိနေဆဲဖြစ်ပြီး နှစ်ဘက်စစ်ရေးတင်းမာနေသည့် အခြေအနေများကြောင့် အချိန်မရွေးထိတွေ့တိုက်ပွဲဖြစ်ပွားနိုင်ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များထံမှ စုံစမ်းသိရှိရသည်။