ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ လှည်းကူးခရိုင်တရားရုံးအချုပ်၌ အချုပ်သားနှစ်ဦးသည် တာဝန်ကျရဲတပ်သားထံမှ သေနတ်လုထွက်ပြေးခဲ့ကြောင်း ရဲသတင်းရင်းမြစ်ထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ ဧပြီ ၂၅ရက်၊ နေ့လယ် တစ်နာရီခန့်တွင် အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား နှစ်ဦးသည် လှည်းကူးခရိုင်တရားရုံး၌ အမှုရင်ဆိုင်ရန်အတွက် အချုပ်ခန်း၌ ခေတ္တထိန်းချုပ်ထားစဉ် ရဲတပ်သား ရဲတပ်သားတစ်ဦးမှ သေနတ်လုကာ ထွက်ပြေးခဲ့ခြင်းဖြစ်သည်။
“ သူတို့(ထွက်ပြေးလွတ်မြောက်သွားသူ နှစ်ဦး)က အင်းစိန်ထောင်မှာ ကျနေတာပါ၊ ဓားပြမှုနဲ့ တရားရင်ဆိုင်ဖို့ ရုံးထုတ် တုန်းဖြစ်သွားတာ၊ သေနတ်တစ်လက်ပါသွားတယ်။ အခုထိတော့ လွတ်နေတုန်းပါပဲ” ဟု ရဲသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ထွက်ပြေးလွတ်မြောက်ခဲ့သူနှစ်ဦးသည် အချုပ်ခန်းအတွင်း ထိန်းသိမ်းခံထားရစဉ်အတွင်း ခြေကျင်းများခတ်ထား သော်လည်း လွတ်မြောက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။
“ ခြေကျင်းတွေကို ကတ်တာနဲ့ ဖြတ်သွားတာ၊ အတွင်းလူပါလို့ပဲနေမှာပေါ့၊ အချုပ်ထဲကို ကတ်တာသွင်းဖို့ဆိုတာ လွယ်တဲ့ကိစ္စမှ မဟုတ်တာ၊ တာဝန်ကျတဲ့ရဲကတော့ အနည်းဆုံး ထောင်ကျဖို့ပဲရှိတယ်” ဟု လှည်းကူးခရိုင် တရားရုံးနှင့် နီးစပ်သူတစ်ဦးကပြောသည်။
သေနတ်နှင့်အတူ ထွက်ပြေးလွတ်မြောက်သွားသည့် အချုပ်သား နှစ်ဦးသည် ကျော်မင်းဝေ(ခ)ဝေကြီးနှင့် ဇေယျာအေး(ခ)ဇေကြီး တို့ဖြစ်ပြီး ၂၀၂၃ခုနှစ်၊ မေ ၁၃ရက်တွင် သာကေတမြို့နယ်ရှိ “ ကြယ်စင်လင်း” ရွှေဆိုင်အား ဓားပြတိုက်မှုဖြင့် အမှုရင်ဆိုင်နေရသူများဖြစ်သည်။
ထိုကဲ့သို့ အချုပ်သားများထွက်ပြေးလွတ်မြောက်ခဲ့သည့်အတွက် ရုံးထုတ်စဉ် တာဝန်ကျသည့် မှူခင်းမှတ်တမ်းတာဝန်ခံ အရာရှိ ဒုရဲမှူး ကိုကိုနိုင်နှင့် အခြားရဲနှစ်ဦးကို စစ်တပ်က ဖမ်းဆီးကာ စစ်ဆေးလျက်ရှိသည်။