ရခိုင်ပြည်နယ်၊ ဘူးသီးတောင်-မောင်တောဒေသရှိ ဒေသခံများအနေဖြင့် ညမထွက်ရန် ရက္ခိုင့်တပ်တော်(AA) က ၂၀၂၄ခုနှစ်၊ ဧပြီ ၂၆ရက်တွင် အမိန့်ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီနှင့် AA တို့အကြား ဘူးသီးတောင်၊ မောင်တော၊ အမ်းနှင့် သံတွဲမြို့နယ်တို့တွင် နေ့စဉ် တိုက်ပွဲများဖြစ်ပွားလျက်ရှိကာ၊ ဘူးသီးတောင်မြို့ရှိ စကခ ၁၅အား AAက အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ထိုးစစ်ဆင်နေသောကြောင့် တိုက်ပွဲများ ပိုမိုပြင်းထန်လျက်ရှိသည်။
“ ရက္ခိုင့်တပ်တော်ကနေပြီးတော့ ညမထွက်ရအမိန်ကို ထုတ်ပြန်လိုက်ခြင်းအားဖြင့် ပြည်သူတွေကို ကာကွယ်ပေးမယ်ဆိုတဲ့ သဘောပေါ့၊ ဒီဘက်မှာက စစ်ကောင်စီက ARSAနဲ့ပေါင်းပြီးတော့ ရခိုင်တွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ရှိတယ်။ အဲ့ဒါတွေကို ထိန်းချုပ်နိုင်ဖို့အတွက် ညမထွက်ရအမိန့်ကို ထုတ်ပြန်တာလို့ ထင်တယ်” ဟု မောင်တောမြို့ နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ် တိုက်ပွဲများအတွင်း အရှုံးနှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများ ဖြစ်ပွားစေရန် ကြိုးစားနေသကဲ့သို့ ရိုဟင်ဂျာလူမျိုးများအား စစ်သင်တန်းပေး၍ တိုက်ပွဲများတွင် အသုံးပြုနေခြင်းနှင့် ARSA ကဲ့သို့ အဖွဲ့များအား လက်နက်တပ်ဆင်ပေးခြင်းသည် လူမျိုးရေးပဋိပက္ခဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု သုံးသပ်မှုများလည်းရှိသည်။
“ အခု ဘူးသီးတောင်မှာ နှစ်ဘက်တိုက်ပွဲဖြစ်နေတဲ့အချိန် ဒေသခံတွေက မြို့ထဲကနေ ဘေးလွတ်ရာကို ရှောင်တိမ်းနေရတယ်။ အဲ့ဒီလိုအချိန်မှာ စစ်ကောင်စီက ကျန်ခဲ့တဲ့ အိမ်တွေကို မီးရှို့တယ်။ အပြစ်မဲ့ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့တာက အကြမ်းဖက်လုပ်ရပ်ကို ကျူးလွန်တာလို့ ပြောချင်တယ်။ ပြည်သူတွေကတော့ အခက်အခဲတွေကို အများကြီး ကြုံတွေ့နေရတာပေါ့” ဟု ဘူးသီးတောင်မြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
ထို့ပြင် ARSAအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ပူးပေါင်းကာ ဘူးသီးတောင်-မောင်တော ဒေသရှိ ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးသည့် လုပ်ရပ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုကို ကျူးလွန်ခြင်းဖြစ်ကြောင်း ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူ ဦးမြတ်ထွန်းက ပြောသည်။
“ စစ်ကောင်စီဟာ ရခိုင်ပြည်မှာတင်မဟုတ်ပါဘူး။ ဗမာပြည်မှာလည်း ရွာတွေကို သောင်းနဲ့ချီပြီး မီးရှို့ဖျက်ဆီးတာတွေရှိတယ်။ ဒီလုပ်ရပ်ကြောင့် ရခိုင်မှာဆိုရင်လည်း ARSAကို အပေါင်းအပါလုပ်ပြီးတော့ ဘူးသီးတောင်-မောင်တောက နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်တာဟာ လူ့အခွင့်အရေးချိုးဖောက်မှုတစ်ခုလို့ ပြောလို့ရပါတယ်” ဟု ၎င်းကပြောသည်။
ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူများ၏ အသက်၊ အိုးအိမ်စည်းစမ်နှင့် လုံခြုံရေးတို့ကို ခြိမ်းခြောက်နေသော အကြမ်းဖက်လုပ်ရပ်များကို စစ်ကောင်စီဘက်က ဆက်တိုက်ပြုလုပ်နေသည့်အတွက် ဘူးသီးတောင်နှင့် မောင်တောဒေသတွင် ဧပြီ ၂၆ရက်မှ စတင်ကာ ည ၇နာရီမှ နံနက် ၆နာရီအတွင်း ညမထွက်ရ အမိန့်ထုတ်ပြန်ရခြင်းဖြစ်သည်ဟု AAက ထုတ်ပြန်ထားသည်။