တနင်္သာရီတိုင်း၊ လောင်းလုံမြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သော ကြောင့် အသက် ၇၅နှစ်အရွယ် အဘွားအို တစ်ဦးသေဆုံးခဲ့ကြောင်း လောင်းလုံမြို့နယ် ပကဖထံမှ ၂၀၂၄ခုနှစ်၊ ဧပြီ ၂၇ ရက်တွင် စုံစမ်းသိရှိရသည်။
၂၀၂၃ခုနှစ်၊ ဧပြီ ၂၅ရက်၊ ညနေ ၃နာရီခန့်တွင် လောင်းလုံမြို့ပေါ်ရှိ စစ်ဘက်ဆိုင်ရာလုံခြုံရေးရုံး(စရဖရုံး)မှ မြို့ပေါ်နေရာများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ထိန်သစ်ရပ်ကွက်တွင် နေထိုင်သည့် အဘွားအိုတစ်ဦးသေဆုံးကာ၊ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လောင်းလုံမြို့နယ် ပကဖမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ ၅လုံးပစ်တာ၊ မြို့ပေါ် ထိန်သစ်ရပ်ကွက်ကို တစ်လုံးကျယတ်။ ခြံဝင်းထဲကို ကျသွားတာ၊ ကျန်တဲ့ အလုံးတွေက လယ်ကွင်းထဲကျသွားတယ်။ တိုက်ပွဲမဖြစ်ဘဲ စစ်တပ်က မကြာခဏ လက်နက်ကြီးတွေနဲ့ ပစ်နေတာ တော်တော်ကြာပြီ” ဟု ၎င်းကပြောသည်။
သေဆုံးခဲ့သူသည် အသက် ၇၅နှစ်အရွယ် ဒေါ်ခင်အေးဆိုသူဖြစ်ပြီး သက်ကြီးပိုင်း အမျိုးသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု လောင်းလုံမြို့ ဒေသခံတစ်ဦးကပြောသည်။
“ လက်နက်ကြီးစက ခေါင်းကိုမှန်သွားတာ၊ မနေ့က(ဧပြီ ၂၆ရက်)မှာ သင်္ဂြိုဟ်လိုက်ပြီ” ဟု ၎င်းက ရှင်းပြသည်။
၂၀၂၃ခုနှစ်၊ ဧပြီ ၃ရက်ကလည်း လောင်းလုံမြို့နယ်၊ သာယာကုန်းရွာအနီးရှိ သဲပုံတောင်စစ်ကောင်စီစခန်းမှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကြောင့် သာယာကုန်းကျေးရွာမှ ကိုသူထွေးဆိုသည့် အမျိုးသားတစ်ဦးသေဆုံးခဲ့သေးသဖြင့်၊ ဧပြီ လအတွင်း စစ်ကောင်စီလက်နက်ကြီးကြောင့် လောင်းလုံမြို့တွင် ပြည်သူ နှစ်ဦး သေဆုံးခဲ့ပြီဖြစ်သည်။