ဧရာ၀တီတိုင်း၊ ကျုံပျော်မြို့၊ ကျုံမရမ်းကျေးရွာတွင် PDF သတင်းရသည်ဟု အကြောင်းပြကာ စစ်တပ်က အင်အား ၅၀ခန့်ဖြင့် တပ်စွဲထားကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ ဧပြီ ၂၄ရက်မှ စတင်ကာ ကျုံမရမ်းကျေးရွာတွင် စစ်တပ်က တပ်စွဲပြီးနောက် အနီးအနားကျေးရွာများသို့ လှည့်လည် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
“ ကျုံမရမ်းမှာ အင်အား ၅၀ လောက်နဲ့လွန်ခဲ့တဲ့ သုံးရက်လောက်ကတည်းက တပ်စွဲပြီးတော့ အနီးအနားက ကျေးရွာတွေမှာ လှည့်ပြီးစစ်နေတယ်။ PDF တွေနဲ့ဆက်သွယ်တယ်။ PDFတွေရောက်နေတယ်လို့ သတင်းရလို့ဆိုပြီး တောက်လျောက် စစ်တာတွေ လုပ်နေတယ်” ဟု ကျုံပျော်မြို့ ဒေသခံတစ်ဦးက ပြောသည်။
ထိုကဲ့သို့ စစ်တပ်က ကျုံမရမ်းကျေးရွာတွင် တပ်စွဲထားခြင်းကြောင့် အနီးအနား ကျေးရွာများမှ ဒေသခံများ စိုးရိမ်မှုရှိနေပြီး စစ်မှုထမ်းဥပဒေ အကြောင်းပြချက်ဖြင့် လူငယ်များအား ဖမ်းဆီးမှုများပြုလုပ်မည်ကိုလည်း ကြောက်ရွံ့နေကြောင်း ကျုံမရမ်းကျေးရွာအနီးရှိ ပြည်သူတစ်ဦးကဆိုသည်။
“ စစ်တပ်က တပ်စွဲပြီးတော့ အနားပတ်ဝန်းကျင်ကရွာတွေကို ဝင်ပြီးစစ်နေတာ၊ တစ်ခါမှ အခုလို တပ်စွဲတာမျိုးမရှိဘူး။ အခု တပ်စွဲတာဆိုတော့ စိုးရိမ်နေရတယ်။ စစ်မှုထမ်းဥပဒေလဲရှိနေတော့ တွေ့တဲ့ လူငယ်တွေကို ဆွဲခေါ်သွားမှာလဲ ကြောက်နေရတယ်” ဟု ၎င်းက ရှင်းပြသည်။
စစ်ကောင်စီ အာဏာသိမ်းပြီး လေးလခန့်အကြာက ကျုံမရမ်းကျေးရွာအနီးရှိ ဇရပ်လှတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် အုပ်ချုပ်ရေးမှူးဟောင်းနှင့် ဇနီးအပါအဝင် ပြည်သူအချို့ဖမ်းဆီးခံခဲ့ရဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
ထို့ပြင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဇရပ်လှကျေးရွာရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦးသည် ၂၀၂၃ခုနှစ်အတွင်း သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသေးသည်။