စစ်ကိုင်းတိုင်း၊ ကလေးမြို့မြောက်ပိုင်းသို့ စစ်ကောင်စီက ၂၀၂၄ခုနှစ်၊ ဧပြီ ၅ရက်မှစတင်ကာ စစ်ကြောင်းထိုးနေပြီးလက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်လအတွင်း ပြည်သူ ၃၀ နီးပါး သေဆုံးခဲ့ကြောင်း ကလေးမြောက်ပိုင်း စစ်ဘေးရှောင်များအား ကူညီပေးနေသူတစ်ဦးထံက သိရသည်။
စစ်ကောင်စီသည် ကလေးမြို့အနောက်မြောက်ဘက်ကို စတင်စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး အရပ်သားပြည်သူများနေထိုင်သော ကျေးရွာများသို့ ဒရုန်းဖြင့်ဗုံးသီးချခြင်း၊ လက်နက်များပစ်ခတ်ဝင်ရောက်ခြင်း၊ စစ်ကောင်စီအထိုင်စခန်းများက လက်နက်ကြီးပစ်ခတ်ခြင်းနှင့် လေကြောင်းတိုက်ခိုက်ခြင်းကြောင့် ဒေသခံများထိမှန်သေဆုံးနေရခြင်းဖြစ်သည်။
” အတိအကျတော့ ပြန်ပြီး စာရင်းပြစုမှရမှာဗျ၊ သူတို့(စကစ)ပစ်ခတ်လို့ သေဆုံးခဲ့တဲ့အရပ်သား ခန့်မှန်းခြေကတော့ ၃၀ ဝန်းကျင်တော့ရှိပြီဗျ၊ ၂၅ ယောက်ကတော့ လုံးဝသေချာတယ်ပေါ့နော်၊ တစ်နေ့ကနဲ့ တမြန်တစ်နေ့ကတောင် ပျဉ်တောဦးကျေးရွာမှ နှစ်ရက်ဆက်တိုက် ၇ဦးသေတယ်။ ဒီတစ်ရက် နှစ်ရက်အတွင်းမှာဆို ၇ဦးသေတယ်။ စော်ဘွားရေရှင်မှာ လေကြောင်းတိုက်ခိုက်တာနဲ့ဆိုရင် ၃၀ဝန်းကျင်၊ ၃၀ကျော်တော့ ရှိမယ်” ဟု ၎င်းကပြောသည်။
ထိုကဲ့သို့ ကလေးမြို့မြောက်ဘက်သို့ စစ်ကောင်စီက စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးနေမှုများကြောင့် စစ်ကောင်စီနှင့်ဒေသကာကွယ်ရေးတပ်ဖွဲ့အကြား မကြာခဏထိတွေ့တိုက်ပွဲများလည်းဖြစ်ပွားနေပြီး နှစ်ဘက်ထိခိုက်မှုများလည်း ရှိနေသည်။
“ အခုလောလောဆယ်တော့ ပျဥ်းခုံကြီးရယ်၊ မော်စီရယ်၊ ဆည်ကြီးဘက်တွေမှာရှိနေတယ်။ မနေ့ကဆို နန်းချောင်းရယ်၊ ဆည်ကြီးရယ်ကို မီးရှို့ဖျက်ဆီးတယ်။ အခုလောလောဆယ်ကတော့ငြိမ်နေတယ်ဗျ၊ ထိတွေ့တိုက်ပွဲဖြစ်တာမျိုးတွေလည်း ရှိပါတယ်” ဟု ကလေးမြောက်ပိုင်း ဒေသကာကွယ်ရေးရဲဘော်တစ်ဦးက MPAကိုပြောသည်။
ကလေးမြို့မြောက်ပိုင်းတွင် ကျေးရွာပေါင်း ၇၀ ကျော်ရှိပြီး ယခုလအတွင်း စစ်ကောင်စီ မီးရှို့ဖျက်ဆီးခြင်းကြောင့် ကျေးရွာ ရှစ်ရွာမှ အိမ်ခြေပေါင်း ၈၀၀ ဝန်းကျင်မီးလောင်ပြာကျခဲ့ရသည်။
မီးရှို့ဖျက်ဆီးခြင်းမခံရသော ကျေးရွာများအနေဖြင့်လည်း စစ်ကောင်စီ၏ စစ်ကြောင်းထိုးခြင်းနှင့် လက်နက်ကြီးအများအပြား ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် ဒေသခံသောင်းနှင့်ချီ၍ ဘေးလွတ်ရာသို့ရှောင်တိမ်းနေကြရပြီး ထိုအထဲတွင် အမြဲတမ်းစစ်ရှောင်ဦးရေမှာ (၆၀၀၀)ခန့်ရှိကြောင်း သိရသည်။
“ မီးရှို့ခံရတဲ့ရွာတွေကတော့ အမြဲတမ်းစစ်ရှောင်တွေဖြစ်သွားတော့တာပေါ့နော်။ တစ်ရွာနဲ့တစ်ရွာကတော့ မတူကြဘူး။ တချို့ကတောတိုက်တွေထဲမှာ ဖြစ်သလိုတဲထိုးပြီးနေကြရတာရှိသလို တချို့ကလည်း ဘေးလွတ်ရာရွာတွေ၊ အမျိုးတွေဆီကို သွားနေကြတာလည်းရှိတယ်” ဟု ကလေးမြောက်ပိုင်းစစ်ရှောင်များအား ကူညီပေးနေသူတစ်ဦးက ပြောသည်။
မကြာမီမိုးရာသီသို့ ရောက်ရှိလာတော့မည်ဖြစ်သောကြောင့် ကလေးမြို့မြောက်ပိုင်းရှိ အမြဲတမ်းစစ်ဘေးရှောင်များအနေဖြင့် စပါးစိုက်ပျိုးသည့်ဒေသများဖြစ်သည့်အတွက် စားရေးသောက်ရေးကို ပြေလည်အောင်ဖြေရှင်းနိုင်ကြသော်လည်း အမိုးအကာနှင့် အရေးပေါ် ဆေးဝါးပစ္စည်းများလိုအပ်ကြောင်း စုံစမ်းသိရှိရသည်။