စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း စစ်ကောင်စီတပ်၏ ရှေ့ပြေးကင်းကို ဒေသခံတော်လှန်ရေး တပ်တို့ ခြုံခိုတိုက်ခိုက်ခဲ့ရာ သေနတ်တစ်လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)မှ ထွက်ခွာလာသည့် အင်အား ၇၀ ခန့်ပါသော စစ်ကောင်စီစစ်ကြောင်း၏ ရှေ့ပြေးကင်းကို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) နှင့် နယ်မြေခံ ပကဖတို့က ဧပြီ၂၅ရက်၊နံနက် နှစ်နာရီခန့်တွင် ဘုတလင်မြို့နယ်၊ ထန်းတောရွာအနီး၌ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း BNRA ထုတ်ပြန်ချက်အရ သိရသည်။
” ကျတော်တို့က အင်အားအများကြီးသုံးတာ မဟုတ်ပါဘူး။တပ်စိတ်တစ်စိတ်လောက်ပဲ သုံးတာပါ။ အခု စစ်တပ်အခြေအနေကိုစောင့်ကြည့်နေပြီး တိုက်ပွဲတွေ ဖြစ်နိုင်တဲ့ အနေအထားမှာ ရှိနေတယ်။” ဟု BNRA ၏ သတင်းပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူက MPA သို့ပြောသည်။
ယင်းတိုက်ပွဲသည် ၁၀ မိနစ်ခန့်သာ ကြာပြီး BNRA တပ်သားတစ်ဦး လက်နက်ကြီးစ ထိမှန်ကာ မစိုးရိမ်ရဒဏ်ရာရရှိခဲ့သည်။ တိုက်ခိုက်မှုအပြီးတွင် MA 1 သေနတ်တစ်လက်၊ ကျည်ဘောက် နှစ်ခု၊ အီနာဂါတစ်လုံးနှင့် စစ်ယူနီဖောင်းတို့ သိမ်းဆည်းရမိခဲ့ကြောင်း BNRA ကထုတ်ပြန်ထားသည်။
ယင်းစစ်ကြောင်းသည် ဧပြီ၂၆ရက်၊ ညနေပိုင်းတွင် ဘုတလင်မြို့နယ်၊ ရုံးသာရွာသို့ ရောက်ရှိကာ တပ်စွဲနေကြောင်း သိရသည်။
” ရွာခံတွေကတော့ ထွက်ပြေးတိမ်းရှောင်နေရတယ်။ စစ်တပ်က တပ်စွဲတော့ ဘယ်လောက်ထိ ရှောင်ရမယ်လို့ မသိဘူး။ သူတို့မထွက်သွားမချင်းတော့ ရှောင်နေရမှာပါပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီစစ်ကြောင်းသည် ထန်းတောရွာမှ ပြည်သူနေအိမ် ငါးလုံးကို ဖျက်ဆီးခဲ့ကြောင်း BNRA ကဆိုသည်။