KNU တပ်မဟာ ၄အတွင်း စစ်ကြောင်းထိုးရန် အကြမ်းဖက်စစ်ကောင်စီပြင်ဆင်နေခြင်းကြောင့် နီးစပ်ရာရွာများ တိုက်ပွဲရှောင်ရန် လိုအပ်နေပြီ ဖြစ်ကြောင်း KNU နယ်မြေအတွင်းနေထိုင်သည့် လက်နက်ကိုင်ဆောင်ထားသူတစ်ဦးကပြောသည်။
KNUတပ်မဟာ၄၊ တပ်ရင်း ၇ တပ်ခွဲ ၂အုပ်ချုပ်သည့် ဆားခဲရွာ၊ ဒူးရင်းပင်ရှောင်ရွာတို့နှင့် နယ်နမိတ်ချင်းထိစပ်နေသည့်ရွာများမှာ ယနေ့ တိုက်ပွဲရှောင်ရန်ပြင်ဆင်ထားသင့်ကြောင်းနှင့် ပဝတ်ကုန်းရွာ၊ နန်းတောင်ရွာ၊ ပုလောကုန်းရွာနှင့် တမိုင်တောင်ရွာများတွင် အကြမ်းဖက်စစ်ကောင်စီတပ်များ ယနေ့နံနက်၇နာရီခန့်က အခိုင်အမာတပ်စွဲကာ စစ်ကြောင်းထိုးရန်ပြင်ဆင်နေကြောင်း ကင်းထောက် အဖွဲ့မှ စုံစမ်းသတင်းပို့ထားသည်ဟု KNUနယ်မြေအတွင်းနေထိုင်သည့် လက်နက်ကိုင်ဆောင်ထားသူ တစ်ဦးကပြောသည်။
“ဒီနေ့ စကစဘက်က စစ်ကြောင်းထိုးဖို့များတယ်။ အင်အားလည်းများတယ်။ သတင်းက ကြားထားတယ်။ ဒေသခံတွေ ရှောင်ဖို့ လိုအပ်နေတယ်။ အပြစ်မဲ့ပြည်သူတွေကို အထိအခိုက်မဖြစ်စေချင်ဘူး ” ဟု KNUနယ်မြေအတွင်းနေထိုင်သည့် လက်နက် ကိုင်ဆောင်ထားသူ တစ်ဦးက ရှင်းပြသည်။
အထက်ပါစစ်ကြောင်းထိုးမှုနှင့်ပတ်သက်ပြီး ပုလောဒေသ ပြည်သူ့ကာကွယ်ရေးတပ်(PRDF)ခေါင်းဆောင်တစ်ဦးက အသင့် စောင့်မျှော်နေကြောင်း နှင့် စစ်ကြောင်းထိုးလာမည့် အကြမ်းဖက်စစ်ကောင်စီများကို သုတ်သင်ရန် စောင့်မျှော်နေကြောင်း MPA ကိုအသိပေးသည်။
“သူတို့ အခုလာမတိုက်ရဲလို့ အဝေးကနေ လက်နက်ကြီးနဲ့ထုထုနေတာ။ အခုဒီကောင်တွေ အထက်ကအမိန့်ပေးလို့ကြောက်ကြောက်နဲ့ လာတိုက်တော့မယ်ဆိုလည်း လက်နက်ကြီးနဲ့ လျောက်ထုမှာ။ သူတို့ဘက်ကလဲလာတိုက်သေးတယ် သူတို့ချည်းပဲသေနေကျဆိုတော့ ဒီတစ်ခေါက်လည်း လက်နက်လာလှူဦးမယ်နဲ့တူတယ် ”ဟု ပုလောဒေသ ပြည်သူ့ ကာကွယ်ရေးတပ် (PRDF) ခေါင်းဆောင်တစ်ဦးကပြောသည်။
ပြီးခဲ့သည့် မေလ၂၆ရက်နေ့က ပုလောမြို့နယ်၊ ပျူစောထီးတပ်အခြေစိုက်ရွာဖြစ်သည့် ပုလောကုန်းရွာတွင်တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ(PPDF)နှင့် ပုလောဒေသ ပြည်သူ့ ကာကွယ်ရေးတပ် (PRDF)တပ်ပေါင်းစုတို့ ထိတွေ့မှုဖြစ်ပွားပြီးနောက် ပုလောအခြေစိုက် အကြမ်းဖက်စစ်ကောင်စီ ၂၈၅တပ်ရင်းမှ လက်နက်ကြီးဖြင့် ဒူးရင်းပင်ရှောင်ရွာအပါအဝင် နယ်နမိတ်ချင်းထိစပ်နေသည့် ဝက်တိုးရွာ၊ ဂျင်းဂါရွာနှင့် မော်မိကျေးရွာများအတွင်းသို့ အချက်သုံးဆယ် ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့သေးသည်။
#KNU#တပ်မဟာ၄#စစ်ကောင်စီ#စစ်ကြောင်းထိုး#တိုက်ပွဲရှောင်ရန်လိုအပ်#MPA