“ဝ” ပြည်နယ်ကိုယ်စားလှယ်အဖွဲ့သည် အစိုးရဘက်မှ မည်သူအုပ်ချုပ်သည်ဖြစ်စေ ဗမာတိုင်းရင်းသားများ၏ အတွင်းရေးသာဖြစ်ပြီး ပဋိပက္ခပို၍ မဖြစ်စေလိုကြောင်းအပြင် မည့်သည့်ဘက်မှ ပါဝင်ပတ်သက်မည်မဟုတ်ကြောင်း ထုတ်ပြန်အသိပေးထားသည်။
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ပြီးနောက် ယင်းထုတ်ပြန်ချက်ကို “ဝ” ပြည်နယ်ကိုယ်စားလှယ်အဖွဲ့ဘက်က ယနေ့တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး နိုင်ငံတော်အားပြိုကွဲစေခြင်း၊ နိုင်ငံတော်မှ ခွဲထွက်ခြင်းကို လုံးဝပြုလုပ်မည်မဟုတ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် တပါတည်းအသိပေးထားသည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် “ဝ” ပြည်နယ်ကိုယ်စားလှယ်အဖွဲ့ဘက်က “ဝ” ပြည်နယ်ရှိ ပြည်သူ ၆ သိန်း၏ စိတ်ဆန္ဒအတိုင်း အခြားတိုင်းရင်းသားပြည်နယ်နှင့် တန်းတူရည်တူသော “ဝ” အမျိုးသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်အဖြစ် တည်ထောင်ရန် တောင်းဆိုခဲ့သည်။
ထို့အပြင် လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေကို ထိန်းသိမ်းနိုင်ရန် ပဋိပက္ခများကို ရှောင်ရှားခြင်းနှင့် ငြိမ်းချမ်းရေးကို အတတ်နိုင်ဆုံး ထိန်းသိမ်းသွားရန်အတွက်ပါ တောင်းဆိုကြောင်း ထုတ်ပြန် အသိပေးခဲ့သည်။