3 May 2022 By MPA
ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့တွင် လာမည့် မေလ ၅ ရက်နေ့နှင့် မတိုင်ခင်ရက်ပိုင်းများအကြား စစ်ဆေးရေးများ တင်းကျပ်နိုင်မည်ဖြစ်ကြောင်း မဲဆောက်ထိုင်းတာဝန်ရှိသူများနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက MPA သတင်းဌာနကို ပြောသည်။
လာမည့် မေလ ၅ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ တက်ခ်ခရိုင်၊ မဲဆောက်မြို့က မြန်မာနိုင်ငံနှင့် ဆက်သွယ်ထားသည့် ချစ်ကြည်ရေးတံတား အမှတ် (၁) ဖွင့်လှစ်မည်ဆိုသည့် သတင်းနှင့်အတူ မဲဆောက်မြို့အတွင်း တရားမဝင်နေထိုင်သူများအတွက်ပါ သတိပြုစရာဖြစ်လာသည်။
“၅ ရက်နေ့ကို တံတားတွေပြန်ဖွင့်မယ်လို့ ပြောတယ်။ နောက်ပြီး တောမောင်း(ထိုင်းလဝက)တွေ ဒီရက်ပိုင်းနဲ့ အဲ့ဒီ ၅ ရက်နေ့ကို မဲဆောက်ထဲ စစ်ဆေးတာတွေ ပြုလုပ်လိမ့်မယ်”ဟု မဲဆောက်ထိုင်းတာဝန်ရှိသူတစ်ဦး၏ ဆွေမျိုးတစ်ဦးက MPA သတင်းဌာနကို ပြောသည်။
ထို့ပြင် ၎င်းက မဲဆောက်အတွင်း တရားမဝင်လာရောက်နေထိုင်သူများအနေနှင့် အဆိုပါနေ့များတွင် ပေါ်ပေါ်ထင်ထင် သွားလာသည့် ပုံစံများမလုပ်ရန်နှင့် နေထိုင်သည့် အိမ်တံခါးများရှေ့တွင် အုပ်စုလိုက် စုဝေး မနေကြရန် အကြံပေးခဲ့သည်။
လက်ရှိတွင် တံတားဖွင့်လှစ်ခြင်းသတင်းများအတွက် ထိုင်းအစိုးရက တရားဝင် ကြေညာချက်များဖြင့် ထုတ်ပြန်အသိပေးမှု မပြုလုပ်ထားသော်လည်း တံတားသန့်ရှင်းရေးပြုလုပ်မှုတွေကြောင့် မဲဆောက်မြို့အတွင်း ယင်းသတင်းမှာ အတော်လေး ပျံ့နှံ့နေသည်။
#ထိုင်း #မဲဆောက် #ချစ်ကြည်ရေးတံတား #MPA
Photo – The Nation Thailand
ဖြူးတွင် ကားလမ်း တံတားနှင့် ရထားလမ်းကို မိုင်းခွဲ
ပဲခူးတိုင်း၊ ဖြူးမြိုနယ်၊ ကညွတ်ကွင်းနှင့် ညောင်ပင်သာကြားရှိ ကားလမ်းတံတားနှင့် ရန်ကုန် - မန္တလေး မီးရထားလမ်းကို တော်လှန်ရေးတပ်များက မိုင်းထောင် ဖောက်ခွဲခဲ့ကြောင်းသိရသည်။ မေလ တစ် ရက်၊ နံနက်စောစောပိုင်းတွင် ဖြူးမြို့နယ်၊ ကညွတ်ကွင်းနှင့် ညောင်ပင်သာကြားရှိ ရန်ကုန်...