တနင်္သာရီတိုင်း၊ ပုလောမြို့နယ်က ပန်ဆယ်လိုပို့စ်ကို ပြန်လည်မျှဝေသည့် လူငယ်အမျိုးသမီးတစ်ဦးကိုအကြမ်းဖက် စစ်ကောင်စီတပ်မှ ယမန်နေ့က ဖမ်းဆီးလိုက်သည်။
ယမန်နေ့ ဇန်နဝါရီလ ၂၈ရက်၊ည၇နာရီအချိန်ခန့်က ပန်ဆယ်လိုပို့စ်ကို ပြန်လည်မျှဝေသည့် အမျိုးသမီးတစ်ဦးနေအိမ်သို့ ပုလောမြို့မရဲစခန်းမှ ရဲများနှင့်အကြမ်းဖက်စစ်ကောင်စီတပ်သားများ လာရောက်ပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ပုလောမြို့နယ် ၃ ရပ်ကွက်နေထိုင်သူတစ်ဦးက ပြောသည်။
“ မနေ့က လာဖမ်းသွားတာ။သတင်းပေးလို့ အဖမ်းခံရတာပေါ့။ကောင်မလေးက နိုင်ငံရေးမလုပ်ဘူး။ပန်ဆယ်လိုပို့စ်ကို သူ့ရဲ့ လူမှုကွန်ယက်အပေါ်မှာ ပြန်လည်ဝေမျှခဲ့လို့ ဖမ်းခံရတာ” ဟု ပုလောမြို့အမှတ် ၃ရပ်ကွက်နေသူတစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသူသည် တနင်္သာရီတိုင်း၊ပုလောမြို့နယ်၊အမှတ် ၃ရပ်ကွက်တွင် နေထိုင်သည့် မခိုင်စိုးဝေ(ခ)တုန်တုန် ဆိုသူဖြစ်ပြီး ပုလောမြို့မဈေးအတွင်း အဝတ်အထည်ရောင်းချနေသူတစ်ဦးဖြစ်သည်။
လက်ရှိ မခိုင်စိုးဝေ(ခ)တုန်တုန်ကို ပုလောမြို့မရဲစခန်းတွင် ဖမ်းဆီးထားပြီး ဆက်သွယ်ရေးအက်ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။