အစိုးရကို မေတ္တာပျက်အောင် လှုံ့ဆော်မှုဖြင့် ထောင်၁၀ နှစ်ချခံခဲ့ရသည့် တတိယနှစ်ကျောင်းသူ မသဉ္ဇာဇော် ယင်းပုဒ်မဖြင့်ပင် ထောင်ဒဏ် ၃ နှစ် ထပ်မံ ချထားခဲ့ကြောင်း သိရသည်။
မသဉ္ဇာဇော်ကို ပြီးခဲ့သည့် နိုဝင်ဘာ၈ရက်နေ့တွင် ထောင်ဒဏ် ၁၀ နှစ်ချခဲ့ပြီးဖြစ်သော်လည်း ယနေ့ ဒီဇင်ဘာ ၈ ရက်နေ့တွင် အလားတူအမှုဖြင့်ပင် ထောင်ဒဏ် ၃နှစ် ထပ်မခံချခဲ့ခြင်းဖြစ်ကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသား သမဂ္ဂမှ သိရသည်။
ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးက “ဒီအမှုနဲ့ပဲကိုထောင်ဒဏ် သုံးနှစ် ထပ်ချလိုက်တာပါ။ အခုဆိုရင် မဇော်က ထောင်ဒဏ်၁၃နှစ်ရှိပါပြီ” ဟု ပြောသည်။
ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင်တစ်ဦးဖြစ်သည့်မသဉ္ဇာဇော်ကို မြောက်ဥက္ကလာပမြို့နယ် အကြမ်းဖက်စစ်တပ်တရားရုံးက ရာဇသတ်ကြီးဥပဒေပုဒ်မ၁၂၄-ခ(က)ဖြင့်ပင် ထောင်ဒဏ် ၁၀ နှစ် တစ်ကြိမ်၊ ထောင်ဒဏ်၃နှစ် တစ်ကြိမ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
မသဉ္ဇာဇော်သည် ပြီးခဲ့သည့် စက်တင်ဘာလရက်နေ့ ၁၄ရက်နေ့က ၎င်း၏ သူငယ်ချင်းများနှင့်အတူ ကျောက်တံတားမြို့နယ်ရှိ နေအိမ်တစ်ခုတွင် ဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်သည်။
မသဉ္ဇာဇော်ကို စုစုပေါင်း ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခဲ့သည့် ပုဒ်မ၁၂၄(က) သည် မေတ္တာပျက်အောင် လှုံဆော်လျင်၊ လှုံ့ဆော်ရန် အားထုတ်လျင်၊ အစိုးရကို မုန်းထားအောင်၊ မလေးစားအောင် ပြုလျင်၊ ပြုရန်အားထုတ်လျင်၊ ငွေဒဏ်နှင့်တကွ တစ်သက်တကျွန်းဒဏ်ဖြစ်စေ၊ ငွေဒဏ်နှင့် တစ်သက်ကျွန်းအောက် လျော့သည့် တစ်ကျွန်းဒဏ်ဖြစ်စေ၊ ငွေဒဏ်နှင့်တကွ သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်သက်သက်ဖြစ်စေ ထိုသူကို ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည့် ပုဒ်မဖြစ်သည်။
မသဉ္ဇာဇော်သည် ဒဂုံတက္ကသိုလ် ဓါတုဗေဒအထူးပြု တတိယနှစ်ကျောင်းသူတစ်ဦးဖြစ်ပြီး လေးဘက်နာ ဝေဒနာသည် တစ်ဦးဖြစ်သဖြင့် ဆေးဝါးမှီဝဲနေရပြီး ဆေးထိုးခြင်းလည်း မကြာခဏပြုလုပ်နေရသူ တစ်ဦးဖြစ် ကြောင်း ၎င်းနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
နိုဝင်ဘာလ၅ရက်နေ့ကလည်းမသဉ္ဇာဇော်တို့နှင့်အတူဖမ်းဆီးခံခဲ့ရသည့် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ အတွင်းရေးမှူးဟောင်း တစ်ဦးဖြစ်သူ ကိုစည်သူအောင်တင်ကိုလည်း မြောက်ဥက္ကလာ စစ်တရားရုံးက ပုဒ်မ၁၂၄-(က) နှင့် ၅၀၅(က)တို့ဖြင့် ထောင်ဒဏ်၁၀နှစ် ချမှတ်ခဲ့သေးသည်။
အလားတူ ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂမှ ဥက္ကဋ္ဌဟောင်းဖြစ်သူ ကိုမင်းသုခကိုလည်း မြောက်ဥက္ကလာပ စစ်တရားရုံးကပင် ထောင်ဒဏ်၁၀နှစ်စီချမှတ်ခဲ့သည်။
အကြမ်းဖက်စစ်တပ်သည် နိုင်ငံတော်အာဏာ သိမ်းယူပြီးသည့် အချိန်မှစ၍ ကျောင်းသားများ၊ လူငယ်များကို မတရားဖမ်းဆီးနှိပ်စက်ပြီး ပုဒ်မအမျိုးမျိုးဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခြင်း၊ နှိပ်စက်သတ်ဖြတ်ခြင်းများကို ဆက်တိုက်ပြုလုပ်နေသည်။