နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ ဩစတြေးလျနိုင်ငံသား မစ္စတာရှောင်တာနယ်အပါအဝင် ဝန်ကြီးသုံးပါးအပေါ် လျှို့ဝှက်ဥပဒပုဒ်မ၃(၁)(ဂ)ဖြင့် တရားစွဲဆိုထားသည့် ကိစ္စနှင့်ပတ်သက်ပြီး စက်တင်ဘာလ၃၀ရက်နေ့တွင် ပြုလုပ်သည့် ရုံးချိန်းအတွင်း ရှေ့နေများပြားနေသဖြင့် ငါးဦးကိုသာ ဝင်ရောက်ခွင့်ပြုခဲ့သည်ဟု သိရသည်။
နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေဖြင့် တရားစွဲဆိုထားသည့်အပေါ် ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ရန် နိုင်ငံတော်အတိုင်ပင်ခံ၏ ရှေ့နေအဖွဲ့အပါအဝင် အခြား၄ဦး၏ ရှေ့နေများ စုစုပေါင်း၁၆ဦးဖြစ်နေ၍ နေရာမဆံသောကြောင့် ငါးဦးသာဝင်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“ စုစုပေါင်းရှေ့နေက ၁၆ဦးဖြစ်တယ်။အဓိကကတော့ လူများလို့ မဆန့်တဲ့အတွက် လူလျှော့တဲ့သဘောပါပဲ။ ကျနော်တိို့ဆို မသွားလိုက်ဘူး။ နိုင်ငံတော်အတိုင်ပင်ခံအတွက် ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်မယ့် ရှေ့နေအသစ်တွေပါတဲ့အတွက် သူတို့ကို မိတ်ဆက်သဘောမျိုးနဲ့ ဝင်ခိုင်းရတဲ့သဘောပေါ့။” ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရှေ့နေအဖွဲ့မှ တရားလွှတ်တော်ရှေ့နေ ဦးကြည်ဝင်းကပြောသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်၊ ဩစတေးလျနိုင်ငံသား စီးပွားရေးအကြံပေး ရှောင်တာနယ်လ်နှင့် NLDအစိုးရအဖွဲ့ဝင်များကို အစိုးရလျှို့ဝှက်အက်ဥပဒေပုဒ်မ၃(၁)(ဂ)ဖြင့် တရားစွဲဆိုထားမှုကိုစက်တင်ဘာလ၂၃ရက်နေ့တွင် နေပြည်တော်ရှိ ဒက္ခိဏခရိုင်တရားရုံး၌ စတင်ကြားနာခဲ့သည်။
ယနေ့နေ့ရုံးချိန်းသို့ မစ္စတာရှောင်တာနယ်၏ ရှေ့နေ၂ဦးနှင့် စကားပြန်တစ်ဦး၊ဒေါ်အောင်ဆန်းစုကြည်အတွက် ရှေ့နေ၅ဦး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဝင်းအတွက်ရှေ့နေ၃ဦး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းအတွက် ရှေ့နေ၅ဦးနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဒုဝန်ကြီး ဦးဆက်အောင်အတွက် ရှေ့နေ၁ဦးတို့ ရုံးချိန်းကိုသွားရောက်ခဲ့ကြသည်။
အကြမ်းဖက််စစ်တပ်၏ တရားစွဲဆိုချက်များအရ ဒေါ်အောင်ဆန်းစုကြည်မှ အမှုပေါင်း၁၁မှုဖြင့် တရားရင်ဆိုင်ရလျက်ရှီနေပြီး စီးပွားရေးအကြံပေးဖြစ်သူ မစ္စတာရှောင်တာနယ်လ်မှာ အစိုးရလျှို့ဝှက်ချက်ဥပဒေအပြင် လူမှုကြီးကြပ်ရေးအမှုတစ်မှုဖြင့် တရားရင်ဆိုင်လျက်ရှိနေသည်ဟု သိရသည်။
နောက်လာမည့်ရုံးချိန်းတွင် မစ္စတာရှောင်တာနယ်၏ စကားပြန့်ဖြစ်သူ၏ ကိုယ်ရေးအချက်အလက်များ တင်သွားရမည်ဖြစ်ပြီး ရှေ့နေများလည်း ဝင်ရောက်ခွင့်ရနိုင်ကြောင်းရှေ့နေအဖွဲ့မှသိရသည်။