စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းတွင် ဒေသခံ ၁၀,၀၀၀ခန့် စစ်ကြောင်းရှောင်နေရကြောင်း သိရသည်။
ယနေ့( ဧပြီ ၂၇ရက်)တွင် စစ်ဘေးရှောင်ဦးရေ များပြားလာသဖြင့် စားနပ်ရိက္ခာ လိုအပ်လျက်ရှိနေကြောင်း ကလေးအခြေစိုက် People’s Healthcare Network (Kalay)ထံက သိရသည်။
“ ကလေးမြောက်ပိုင်းကို စစ်ကြောင်းထိုးရာကနေ တောင်ပိုင်းကို ဝင်ဖို့ ပြင်နေတာ။ စစ်ကြောင်းဝင်မယ် စကြားကတည်းက စရှောင်လာကြတာ။ အခုဆို ငါးရက်မြောက်နေ့ ရောက်ပြီ။တချို့ကလည်း ပစ်ခတ်မှုဖြစ်မှ ရှောင်လာကြတာ ရှိတယ်” ဟု People’s Healthcare Network (Kalay)မှ တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။
စစ်ဘေးရှောင်နေရသည့် ကျေးရွာများမှာ တင်သား၊လယ်ခြား၊ကုက္ကိုလ်၊ ရှားဖို၊ရှားတော၊ အရှေ့စည်း၊ ရေရှင်၊ အောင်ချမ်းသာ၊မှန်တော၊ အောင်သာယာ၊ ကျောက်ပြုတ်နှင့် အင်းကျွန်းရွာတို့ ဖြစ်သည်။
စစ်ဘေးရှောင်ပြည်သူများကို စနစ်တကျ စီမံခန့်ခွဲကာ ကျန်းမာရေးစောင့်ရှောက်မှုများ အစဉ်တစိုက် ပေးလျက်ရှိကြောင်း ၎င်းကပြောသည်။
“ ဒီနေ့ကတော့ ငြိမ်နေသေးတယ်။ ဒရုန်းနဲ့ လာချတာမျိုး ရှိတယ်။ စစ်ရှောင်တွေက တဖြည်းဖြည်း ပိုများလာတယ်။ လိုအပ်ချက်တွေလည်း ပိုတိုးလာတာရှိတယ်။ အကူအညီတွေကတော့ လိုအပ်နေပါတယ်” ဟု ကလေးမြို့လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီမှ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ကလေးမြို့တောင်ပိုင်းတွင် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ ဒေသခံအချို့လည်း စစ်ဘေးရှောင်လျက်ရှိကြောင်း People’s Healthcare Network (Kalay)ထံက သိရသည်။
စစ်ကောင်စီစစ်ကြောင်းတွင် စစ်သားနှင့်ပျူစောထီး စုစုပေါင်းအင်အား ၅၀၀၀ခန့် ရှိကြောင်း သိရသည်။