မကွေးတိုင်း၊ မြိုင်မြို့နယ် ၊သရက်ကန်ရွာမှ နွားကျောင်းထွက်လာသော ပျူစောထီးများကို အသင့်စောင့်နေသည့် ရိုင်ဖယ်သမားက ပစ်ခတ်ရာ တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဧပြီ ၂၆ ရက်၊နံနက် ၈နာရီ ၄၅ မိနစ်ခန့်တွင် သရက်ကန် ပျူစောထီးရွာ၏ အရှေ့တောင်ဘက် ထွက်၍ နွားကျောင်း ထွက်လာသော ပျူစောထီး ခြောက်ဦးကို ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း မြိုင်ပကဖ ထံက သိရသည်။
“ သူတို့ ဘန်ကာရဲ့ မီတာ ၁၀၀ ကျော်ပဲ နယ်ကျော် ထွက်လာတာပါ။ အဲအချိန် ကျတော်တို့ ဘက်က အသင့်စောင့်နေတဲ့ ရိုင်ဖယ်သမားက ပစ်ခတ်လိုက်တာပါ။တစ်ယောက် လဲကျသွားတဲ့ အချိန် ကျန်တဲ့သူတွေ အကုန် ပြေးသွားကြတယ်” ဟု မြိုင် ပကဖ တာ၀န်ခံ ဗိုလ်လကျာ် ကပြောသည်။
ယင်းပျူစောထီး ခြောက်ဦးတွင် သေနတ် သုံးလက် ပါလာသော်လည်း တစ်ယောက် လဲကျသွားချိန်၌ ပြန်လည် ပစ်ခတ်ခြင်းမရှိဘဲ ရွာအတွင်းသို့ ရောက်ရှိချိန်မှသာ ရမ်းသန်း ပြန်ပစ်ကြောင်း သိရသည်။
“ အရင်ကလည်း အခုလို ထွက်တာတွေ ရှိပါတယ်။ အခုလိုပဲ အဝေးကြီးမဟုတ်ဘူး၊ ဒါပေမဲ့၊ သတင်းရ နောက်ကျပြီး လွတ်လွတ်သွားတယ်။ အခုကတော့ ပိုစော ရောက်ပြီး အသင့်စောင့်နေ နိုင်ပြီး ပစ်ခတ်နိုင်လိုက်တာပါ” ဟု ၎င်းက ပြောသည်။
သရက်ကန် ပျူစောထီးကျေးရွာမှာ အိမ်ခြေ ၄၀၀ ခန့် ရှိပြီး ပြည်သူအများစုမှာ ကျေးရွာအတွင်းမှ ထွက်ကာ နီးစပ်ရာကျေးရွာများ၌ အခြေချလျက်ရှိကြောင်း သိရသည်။
“ သရက်ကန်မှာ ရဲနဲ့စစ်သားက ၁၀ယောက်တောင်မပြည့်ဘူး။ ပျူစောထီးနဲ့ဆို ၆၀ အေးအေးရှိတယ်။ ပြည်သူတွေက အများစု မရှိတော့ဘူး။ သူတို့ ပျူစောထီး မိသားစု၀င်တွေနဲ့ ၁၀၀ ကျော်လောက်ပဲ ရှိတယ်” ဟု ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာ၀န်ခံ ရဲဘော်အကိုလေး က ပြောသည်။
သရက်ကန်ပျူစောထီးရွာကို ဖေဖော်ဝါရီလကုန်ပိုင်း၌ စစ်ကောင်စီတပ်က ရိက္ခာ ပို့ပေးထားကြောင်း သိရသည်။
ပျူစောထီးတစ်ဦး သေဆုံးမှုကို MPA အနေနှင့် သီးခြား အတည်မပြုနိုင်ပေ။