မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့အနီး ဖြစ်ပွားခဲ့သည့် တစ်ပတ်တာ တိုက်ပွဲအတွင်း စစ်သား၅၉ဦး သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။
ပြင်ဦးလွင်မြို့နှင့် ၁၀မိုင် အကွာရှိ MDY PDF သိမ်းပိုက်ထားသော နောင်ချိုမြို့နယ်၊ သရက်ကုန်းရွာ စစ်တပ်စခန်းကို ဧပြီ ၁၉ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်က မြေပြင်ရော လေကြောင်းဖြင့်ပါ အပြင်းအထန် စစ်ကြောင်းပြန်ထိုးခဲ့ခြင်းဖြစ်သည်။
ဧပြီ၂၅ရက်၊နေ့ခင်းတွင် စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် MDY PDF တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်သား ၁၃ဦးခန့်သေဆုံးပြီး ၁၆ဦးခန့် ဒဏ်ရာရကာ ဧပြီ ၂၃ရက်တိုက်ပွဲတွင်လည်း စစ်သား ၁၅ဦးခန့်သေဆုံးခဲ့သည်။
ဧပြီ ၂၂ရက်၊ ညပိုင်း၌လည်း စစ်တပ် လက်နက်ကြီးရှိရာကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား သုံးဦးသေဆုံးပြီး ခုနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဧပြီ ၂၁ရက် တိုက်ပွဲတွင်လည်း စစ်သား၁၃ဦးသေဆုံးပြီး ၁၅ဦးခန့် ဒဏ်ရာရခဲ့ကာ ဧပြီ ၁၉ရက်၌ စစ်သား ၁၅ဦးခန့် သေဆုံးခဲ့သည့်အပြင် ဒဏ်ရာရသူလည်း များကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဌာန က ယနေ့(ဧပြီ၂၇ရက်)ထုတ်ပြန်သည်။
ဧပြီ ၂၀ရက် တိုက်ပွဲတွင် PDF ရဲဘော် နှစ်ဦး ကျဆုံးခဲ့ပြီး ဧပြီ၂၄ရက်က လက်နက်ကြီးဖြင့် အပြန်အ လှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ MDY PDF ဘက်က စစ်တပ်ရဲ့အရေးကြီးတဲ့ စခန်းတစ်ခုကိုသိမ်းထားတာဆိုတော့ နောက်ပိုင်းတိုက်ပွဲတွေ ထပ်ဖြစ်လာနိုင်သေးတယ်၊စစ်ကြောင်းကလည်းထပ်ထိုးမှာပဲ” ဟု ဒေသခံ PDF ရဲဘော်တစ်ဦးက ပြောသည်။
ယင်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၃၂ ကြိမ်ပြုလုပ်ခဲ့ရာ စစ်ရေးပစ်မှတ်မဟုတ်သည့် ဘုန်းကြီးကျောင်းများအတွင်းသို့ ၂၆ ကြိမ် ကျရောက်ခဲ့ပြီး ပြည်သူများ နေထိုင်သည့် ကျေးရွာများအတွင်းသို့ ၈ ကြိမ် ကျရောက်ပေါက်ကွဲခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
“ မနေ့(ဧပြီ၂၆ရက်)ကမှ လေယာဉ်နဲ့ပစ်လိုက် လက်နက်ကြီးနဲ့ထုလိုက် လုပ်နေတာ ဘယ်သူမှ မပြန်ရဲသေးဘူး။ အကုန် ဘေးလွတ်ရာကို ရှောင်နေရတယ်။ အဆက်သွယ်တွေ မရတော့ ဘယ်နေရာတွေကိုရှောင်နေတယ်ဆိုတာမသိရဘူး” ဟု နောင်ချိုမြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူ တစ်ဦးကပြောသည်။
ဧပြီ ၁၅ရက် နံနက်အစောပိုင်းက စစ်တပ်အခြေစိုက်ရာ သရက်ကုန်းရွာကို ထိုးစစ်ဆင်ခဲ့ရာ တစ်နေ ကုန် တိုက်ပွဲပြင်းထန်ခဲ့ပြီး ညနေပိုင်း၌ သရက်ကုန်းစစ်စခန်းအား MDY – PDF က သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဧပြီ၁၅ရက် တိုက်ပွဲတွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၆ကြိမ် ပြုလုပ်ခဲ့သည်။
စစ်သားများ သေဆုံး၊ဒဏ်ရာရမှုအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။