ထိုင်း – မြန်မာချစ်ကြည်ရေးတံတား အမှတ် (၁) ကို ၂၀၂၄ခုနှစ် ဧပြီ ၂၁ရက်တွင် မြန်မာဘက်က ပိတ်လိုက်ပြီးနောက်၊ ဧပြီ ၂၇ရက်၊ နံနက် ၁၀နာရီအချိန်ခန့်က ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
“ ဟုတ်တယ်။ မနက် ၁၀နာရီကျော်လောက်က ပြန်ဖွင်တာ၊ ထိုင်းဘက်ကတော့ မပိတ်ဘူး။ တောက်လျှောက်ဖွင့်ထားတာ၊ မြန်မာဘက်ကပဲ ပိတ်တာ၊ ထိုင်းဘက်က အဝင်ရော အထွက်ရောကို လက်ခံတယ်။ ဒါပေမဲ့ မြန်မာဘက်က အထွက် မပေးတော့ ထိုင်းကို ပြန်ဝင်လို့ မရဖြစ်တာ၊ အခုတော့ ပြန်ဖွင့်ပြီ၊ ဒဏ်ကြေးဆောင်ရတယ်လို့လည်း ကြားတယ်။ ဘယ်လောက် ပေးရလဲတော့ မသိဘူး” ဟု မဲဆောက်မြို့ အမှတ် (၁)တံတားအနီး နေထိုင်သော မြန်မာတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၂၁ရက်နေ့မှ စတင်ကာ မြန်မာဘက်ခြမ်း မြဝတီမြို့မှ ထိုင်းနိုင်ငံဘက်ခြမ်း မဲဆောက်မြို့သို့ အထွက်ကို ပိတ်ထားခဲ့ခြင်းဖြစ်သော်လည်း ထိုင်းဘက်ခြမ်းမှ ပိတ်ထားခဲ့ခြင်းမရှိကြောင်း သိရသည်။
“ ချစ်ကြည်ရေးတံတားတဲ့ တစ်ဘက်က ပိတ်ပြီး တစ်ဘက်က ဖွင့်တယ်။ ဒီမှာ နေလာတဲ့ တစ်လျှောက် တစ်ခြမ်းပိတ်ပြီး တစ်ခြမ်းဖွင့်တာကို တွေ့ဖူးတာ ဒါပထမဆုံးပဲ၊ ကိုယ်က တုံးထုရမဲ့ ရက်ပြည့်လို့ တံတားကို ရောက်လာတယ်။ ထိုင်းက အထွက်ပေးထွက်တယ်။ မြန်မာဘက်ကနေ ဒီဘက်ကို ပြန်ဝင်ဖို့မှာ မြန်မာဘက်က ခွင့်မပြုဘူး။ တုံးထုပေးတဲ့ လ.ဝ.က ဝန်ထမ်းမရှိလို့တဲ့၊ ၄ရက်လောက် တံတားကို နေ့တိုင်းလာကြည့်တယ်။ ၂၄ရက်နေ့ကလည်း လာတယ် ၂၆ရက်နေ့ဖွင့်မယ်လို့ကြားလို့ ပြန်လာတော့ မဖွင့်ဘူး။ ဒီနေ့မှ ဖွင့်တယ်” ဟု မဲဆောက်မြို့သို့ ၇ရက်ကဒ်ဖြင့် လာရောက်လည်ပတ်သူ တစ်ဦးက ပြောသည်။
ထို့ပြင် ၂၀၂၄ခုနှစ်၊ ဧပြီ ၂၄ရက်ကလည်း မြ၀တီမြို့နယ် လ၀က မြို့နယ်မှူး ဦးဝင်းအောင်က အမှတ်(၁) တံတားရှိ တာဝန်ရှိသူများနှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ဧပြီ ၂၆ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဟု ကနဦးသိခဲ့ရသော်လည်း ယနေ့မှသာ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
“ ရက်ကျော်ကြေးက အစက တစ်ရက်ကို ဘတ်-၁၀၀ပေးရမယ်ဆိုပြီး ကြားထားတာ၊ အကိုက ၃ရက် ရက်လွန်ထားတော့ ဘတ်-၃၀၀တော့ ဆောင်ရမယ်ထင်တာ၊ အခုတော့ ဘတ်-၁၀၀နဲ့ပဲ ပြီးသွားတယ်” ဟု ၇ရက်ကဒ်ဖြင့် လာရောက်သူတစ်ဦးက ဒဏ်ကြေးဆောင်ရသည့် အခြေအနေကို ရှင်းပြသည်။
ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၁)ကို မြန်မာဘက်ခြမ်းက ပိတ်ထားခဲ့သည့် တစ်ပတ်တာအတွင်း ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်နည်းလမ်းဖြင့် ဝင်ရောက်လာသူသည် တစ်ရက်လျှင် ဦးရေ ၃၀၀မှ ၅၀၀နီးပါး ရှိကြောင်း သိရသည်။