မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၏ တိုက်ခိုက်မှုကြောင့် သေဆုံး သွားသည့် စစ်သားများကို စစ်ကောင်စီတပ်က ပစ်ထားခဲ့ပြီး သေနတ်များကိုသာ အပါသယ်ကာ ထွက်ပြေးသွားကြကြောင်း သိရသည်။
မကွေးတိုင်း၊ မြိုင်မြို့နယ် ကိုင်းတောမရဲစခန်းနှင့်စက်တွင်းမှ စစ်သား ၂၀ခန့် ရိက္ခာရှာထွက်လာသည့် ဧပြီ ၂၇ရက်၊ နံနက်၉နာရီခန့်တွင် ဒေသခံ PDFတို့က မီတာ ၂၀ အကွာမှ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား သုံးဦး နေရာတင်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း Earthquake Peoples Defense Force က သတင်းထုတ်ပြန် သည်။
” တိုက်ပွဲဖြစ်တဲ့အချိန်က မိနစ်ပိုင်းပဲကြာတယ်။ပစ်ခတ်မှုဖြစ်ပြီးတော့ စစ်သား သုံးယောက်နေရာတင် သေတယ်။ကျန်တဲ့စစ်သားတွေကတော့ အကုန် ပြန်ပြေးကြတယ်။ ပြန်ပြေးတဲ့စစ်သားတွေကို မိုင်းထပ်ဆွဲတိုက်ခိုက်လို့ သူတို့ဘက်က ခုနှစ်ဦး ဒဏ်ရာပြန်ရတယ်” ဟု Earthquake Peoples Defense Force မှသတင်းပြန်ကြားရေးနှင့် ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုပိန်က ပြောသည်။
တိုက်ခိုက်ခံရပြီးနောက် သေဆုံးစစ်သားတို့၏ သေနတ်များကို ကျန်စစ်သားများက အပါသယ်သွား ခြင်းကြောင်း လက်နက်မရခြင်းဖြစ်ကြောင်း ကိုပိန်က ဆိုသည်။
မြိုင်မြို့နယ် သရက်ကန်ပျူစောထီးရွာမှ ထွက်လာသည့် ပျူစောထီး ၁၅ ဦးကို ဧပြီ၂၆ ရက်၊ နံနက် ကိုးနာရီအချိန်က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီးခိုင်လွင်ဆိုသူ သေဆုံးခဲ့သေးကြောင်း Earthquake Peoples Defense Force ကထုတ်ပြန်ထားသေးသည်။
” ပျူစောထီးစစ်ကြောင်းကို ပစ်ခတ်ရာမှာ ပျူစောထီး တစ်ဦးသေတယ်။သူတို့ပစ်ခတ်ခံရပြီးတော့ ပြန်တုံ့ပြန်တာမရှိပါဘူး။ ကျတော်တို့ဘက်က ရဲဘော်တွေလည်း ထိခိုက်မှုမရှိပါဘူး” ဟု Young Force UG အဖွဲ့မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။
အထက်ပါတိုက်ခိုက်မှုများကို ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ (Young Force UG)၊ Pakokku People’s Defence Force၊ Earthquake People’s Defence Force၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ (Thu Rain TR)၊ Pakokku Ranger၊ Pakokku Hunter၊ မြိုင်ပကဖ တပ်ရင်း၁၊ တပ်ခွဲ ၄ စင်္ကြာတပ်ဖွဲ့၊ မြိုင်မြို့နယ်အခြေစိုက် စုဖွဲ့မှုတပ်ရင်းတပ်ဖွဲ့၊ TYK ပြောက်ကျားတပ်ဖွဲ့၊ မြိုင်ပကဖတပ်ရင်း၁၊ ခွဲ၁၊ ခွဲ၂နှင့် မုန်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်သားနှင့် ပျူစောထီးတို့ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။