မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် ယမန်နေ့(ဧပြီ ၂၄ရက်)၊ မနက် ၈နာရီခန့်က ရကတ(၁၀)ကားကြီးကွင်းနှင့် မီးခွက်စျေးအနီးတွင် အမျိုးသားတစ်ဦး၏ ၎င်း၏ အဒေါ်နှင့် အစ်မဖြစ်သူတိုကို ဓားဖြင့် ခုတ်သတ်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ဒေသခံတစ်ဦး၏ ပြောကြားချက်အရ ပြစ်မှုကျူးလွန်သူသည် အဒေါ်ဖြစ်သူနှင့် စကားများရန်ဖြစ်ရာမှ သားအမိနှစ်ဦးစလုံးအား ဓားဖြင့် ခုတ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ စကားများရာကနေ လက်လွန်ခြေလွန် ဖြစ်ကုန်တာလို့ ကြားပါတယ်။ သားအမိနှစ်ယောက်လုံး ဆုံးသွားတာပါ” ဟု ပြင်ဦးလွင်မြို့ခံ တစ်ဦးက ပြောသည်။
အဆိုပါဖြစ်စဉ်တွင် ဓားဖြင့် ခုတ်ခံရမှုကြောင့် သေဆုံးခဲ့သူနှစ်ဦး၏ ရုပ်အလောင်းများအား မြို့ခံ လူမှုကူညီရေးအသင်း တစ်ခုဖြစ်သည့် သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်းက ပြင်ဦးလွင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်းပေခဲ့ကြောင်း သိရသည်။
“ ကျတော်တို့ သိရတာက မနက် ကိုးနာရီခွဲကပါ။ ကျတော်တို့ Facebook Pageမှာ တင်ထားသလောက်ပဲ သိပါတယ်” ဟု အဆိုပါ လူမှုကူညီရေး အသင်းသားတစ်ဦးက ပြောသည်။
ဓားဖြင့်ခုတ်ခံရမှုကြောင့် သေဆုံးခဲ့သူ နှစ်ဦးသည် ပြင်ဦးလွင်မြို့၊ ၁ရပ်ကွက်၌ နေထိုင်သည့် အသက် ၆၇နှစ်နှင့် ၄၃နှစ်အရွယ်ရှိ သားအမိနှစ်သီးဖြစ်ပြီး အစ္စလာမ်ဘာသာဝင်များဖြစ်ကာ၊ သေဆုံးသူနှစ်ဦးကို ယမန်နေ့က ပြင်ဦးလွင်ရှိ မွတ်စလင်မ်ကဗာစတန် သုဿန်၌ သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်တွင် လူသတ်မှုကျူးလွန်ခဲ့သူသည် ရဲစခန်း၌ သွားရောက်အဖမ်းခံခဲ့သည်ဟု မြို့ခံတစ်ဦးကပြောကြားသ ဖြင့် ပြင်ဦးလွင်မြို့မရဲစခန်းသို့ ဆက်သွယ်ရာ ဖုန်းလက်ခံဖြေကြားခဲ့ခြင်းမရှိပေ။