မန္တလေးတိုင်း၊ မတ္တရာမြို့ပေါ်တွင် လက်ဖက်ရည်ဆိုင်ထိုင်နေသော စစ်ကောင်စီဗိုလ်မှူးတစ်ဦး ကျည်သင့် သေဆုံးပြီးနောက် စစ်သားများက မြို့လုံးပတ်လည် တင်းကျပ်စွာ စစ်ဆေးခဲ့သော်လည်း တစ်ဦးမျှ အဖမ်းမခံရကြောင်းသိရသည်။
ဧပြီ ၂၄ရက်၊နံနက်ပိုင်းတွင် မတ္တရာမြို့ပေါ်ရှိ ‘ စု’လက်ဖက်ရည်ဆိုင်၌ မြို့နယ်စစ်ကောင်စီ အဖွဲ့ဝင် ဗိုလ်မှူး သက်နိုင်စိုး တစ်ဦးတည်းထိုင်နေစဉ် သေနတ်နှင့် အပစ်ခံရကာ သေနတ်ဒဏ်ရာ ၅ချက် ဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသခံအချို့ ထံက သိရသည်။
“ တစ်မြို့လုံးမှာ အစစ်ဆေးတင်းကျပ်တယ်။ လမ်းပိတ်ထားတာက ပေးမသွားတာတော့မဟုတ်ဘူး။ လမ်းတွေမှာ သူတို့တတွေ(စစ်သားတွေ)ပိတ်စစ်တာ။ ပါလာတာတွေစစ်တယ်။ တူးဘောက်တွေ စစ်တယ်။ ဆိုင်ကယ်တွေကို ပိုစစ်တယ်” ဟု ဒေသခံတစ်ဦးကပြောသည်။
စစ်တပ်က စစ်ဆေးမှု တင်းကျပ်ခဲ့သော်လည်း ဧပြီ၂၄ရက် ညပိုင်းအထိ ပြည်သူတစ်ဦးတစ်ယောက်မျှ ဖမ်းဆီးခံရကြောင်း သတင်း မကြားသေးဟု ၎င်းက ဆိုသည်။
“ သူတို့ တစ်မြို့လုံးကို ဝင်ပေါက်ထွက်ပေါက် ပိတ်ပြီးတော့ စစ်ဆေးတာတွေလည်း ကြမ်းကြမ်းတမ်းတမ်းတွေဖြစ်လာတယ်” ဟု မတ္တရာမြို့နယ်ပကဖ၊ သတင်းတာဝန်ခံ ဘိုတောက်ကပြောသည်။
ဗိုလ်မှူးသက်နိုင်စိုးကို ပစ်ခတ်ခဲ့ခြင်းနှင့်ပတ်သက်ပြီး ယနေ့(ဧပြီ၂၅ရက်)အထိ မည်သည့်အဖွဲ့ကမှ သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။