ကရင်ပြည်နယ်၊ မြဝတီမြို့ပြင်တိုက်ပွဲများအတွင်း အမှတ် -၄၄ ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူး သေဆုံးခဲ့ခြင်းမရှိကြောင်း လတ်တလောယူဆထားသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ မဟာဗျူဟာ လေ့လာရေးမှတ်တမ်းဌာန၊ တာဝန်ခံ ကပြောသည်။
ဧပြီ၂၀ရက်၊ မြဝတီမြို့ပြင်ရှိ အမှတ်- ၂တံတားအနီး တိုက်ပွဲအတွင်း တပ်မ -၄၄ ၊တပ်မမှူး ဗိုလ်မှူးကြီး စိုးမင်းထက်အပါအဝင်အဖွဲ့ဝင်၅၀ခန့် သေဆုံးသွားကြောင်း သတင်းထွက်ပေါ်နေ သည့်အပေါ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ မဟာဗျူဟာလေ့လာရေးမှတ်တမ်းဌာန၏ ဌာနတာဝန်ခံ ထွန်းထွန်း(အရေးတော်ပုံတပ်သား )က အထက်ပါအတိုင်း ငြင်းဆိုခဲ့ခြင်းဖြစ်သည်။
“ ခလရ -၂၇၅ရဲ့ တပ်ရင်းမှူးပဲ အမှတ်- ၂ တံတားမှာ ရှိပါတယ်။တပ်မမှူးက မြဝတီမှာ မရှိလောက်တော့ဘူး။ KNA/BGFအကူအညီနဲ့ ဘားအံ သို့မဟုတ် မော်လမြိုင်ရောက်လောက်ပြီ” ဟု ၎င်းက ပြောသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ မဟာဗျူဟာလေ့လာရေးမှတ်တမ်းဌာနက ရရှိထားသည့်သတင်းမှာ အမှတ်- ၄၄ တပ်မမှူးသည် မြဝတီမြို့ထဲရှိ ရှေ့တန်းစစ်ဆင်ရေးရုံး၌ KNA /BGF အမှတ်(၁)အထူးလုံခြုံတပ်၏ တပ်ရင်းမှူးနှင့်အတူ ဧပြီလ ပထမအပတ်ကတည်းက ရှိနေပြီး ခလရ -၂၇၅ တပ် တပ်ရင်းမှ ဆုတ်ခွာချိန်တွင် တပ်ရင်းမှူးသာ လိုက်ပါသွားခဲ့ကြောင်း ထွန်းထွန်း(အရေးတော်ပုံတပ်သား) က ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။
အမှတ် – ၄၄ တပ်မမှူး သေဆုံးခြင်းရှိ၊ မရှိ KNUမှ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးထံ မေးမြန်းခဲ့ရာ အတည်မပြုနိုင်သေးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
“ မဲဆောက်မှာ အလောင်းရောက်နေတယ်ဆိုပြီးပြောကြပေမဲ့ အလောင်းလည်း မတွေ့ရဘူး။နောက်တစ်ခုက တိုက်ပွဲကာလမှာ နှစ်ဘက်စလုံးက စစ်ရေးသတင်းပေးတွေ ရှိကြတယ်။ဒါကို လက်မခံချင်လည်း လက်ခံရမှာပဲ” ဟု ၎င်းက ပြောသည်။
ဗိုလ်မှူးကြီးစိုးမင်းထက်သာ အမှတ်တကယ်သေဆုံးပါက ယခုအချိန်ဆိုလျှင် သေဆုံးကြောင်း သက်သေများစွာ ထွက်နေလောက်ပြီဟုလည်း ၎င်းက ဆက်လက်ပြောသည်။