ပဲခူးတိုင်း၊ တောင်ငူမြို့နယ်တွင် စစ်ရေးပစ်မှတ်တစ်ခုအတွက် မိုင်းထောင်ပြီးပြန်အထွက်တွင် ပေါက်ကွဲခဲ့သဖြင့် ရဲဘော် ၂ ဦး ဒဏ်ရာရရှိသွားကြောင်း တောင်ငူမြို့ပြတော်လှန်ရေးအင်းအားစုက ယနေ့ သတင်း ထုတ်ပြန်ထားသည်။
ယမန်နေ့ ဧပြီ ၂၀ ရက်၊ ည ၇ နာရီဝန်းကျင်ခန့်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ဝါယာရှော့ဖြစ်၍ ပေါက်ကွဲမှု ဖြစ်နိုင်ကြောင်း အဆိုအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“မြို့အထွက်တစ်နေရာမှာ အဝေးထိန်းမိုင်းထောင်တာပါ၊ ထောင်ပြီး ကျွန်တော်တို့ရဲဘော်တွေ ပြန်အထွက် ၁၀ ပေကျော်လောက်ပဲရှိမယ်၊ မိုင်းက ထပေါက်တာ၊ အဲဒီမှာ ရဲဘော်တွေ ဒဏ်ရာရကုန်တာ ၊ စိုးရိမ်စရာတော့ မရှိပါဘူး။ အောက်ပိုင်းတွေပဲ အစတွေ ထိကုန်တာ” ဟု ၎င်းကရှင်းပြသည်။
ဒဏ်ရာရရှိခဲ့သည့် ရဲဘော် ၂ ဦး စိတ်ချလုံခြုံသည့် နေရာသို့ ပြန်လည်ရောက်ရှိလာပြီးဖြစ်သောကြောင့် ဆေးကုသမှုခံယူနေကြောင်း ၎င်းက ဆက်လက်ပြောသည်။
“မြို့အထွက်ဆိုတော့ လူရှင်းနေတော့ ပြည်သူတွေထိခိုက်တာတော့ မရှိပါဘူး။ မိုင်းကွဲပြီး ရဲဘော်တွေချက်ခြင်း ပြန်ဆုတ်လာတော့ သူတို့(စစ်ကောင်စီတပ်ဖွဲ့ဝင်များ) ရောက်လာလား ဆိုတာတော့သေချာမသိရဘူး။ ကြားတာတော့ မိုင်းစတွေလာသိမ်းသွားတယ်ကြားတယ်” ဟု ၎င်းကဆိုသည်။
ပြီးခဲ့သည့် သင်္ကြန်အတက်နေ့(ဧပြီ ၁၆)ရက်ကလည်း တောင်ငူမြို့ ဗဟိုမဏ္ဍပ်အနီး မြန့်မာစီးပွားရေး ဘဏ်ရှေ့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ကြောင်း အသက် ၂၀ အရွယ် မြို့ခံလူငယ်တစ်ဦးက ပြောသည်။
“မဏ္ဍပ်မှာရေကစားနေတာတွေပါ ရပ်ပြစ်လိုက်တယ်၊ ပြီးတော့ လမ်းအဝင်ထွက်တွေပါ အကုန်ပိတ်စစ်တာ၊ စစ်ကား ၄ စီးလောက်မြို့ထဲဝင်လာပြီး စစ်တာ၊ ဘဏ်ရှေ့မှာ ရေကစားနေတဲ့ ရဲတစ်ယောက် စစ်သားတစ်ယောက်ထိသွားတယ် ကြားတယ်” ဟု ၎င်းကဆိုသည်။
ပြီးခဲ့သည့် ဧပြီ ၅ ရက်ကလည်း တောင်ငူမြို့၊ ဗိုလ်မှူးဖိုးကွန်းလမ်း တစ်နေရာတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထောင်ထားသည့် အဝေးထိန်းမိုင်း တစ်လုံးအား ပလုံးကောက်(အမှိုက်)သူများ ကောက်ယူသွားခြင်းကြောင့် ပျက်စီးဆုံးရှုံးမှု ဖြစ်ခဲ့သေးသည်။