ကရင်ပြည်နယ်၊ မြဝတီမြို့၊အမှတ် (၂) ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအနီးတွင် စစ်ကောင်စီတပ်က ဂျက်လေယာဉ်များဖြင့် သန်းခေါင်ကျော်အချိန်၌ ဗုံး ၁၄ကြိမ်ထက်မနည်း ကြဲချခဲ့ကြောင်း သိရသည်။
ယနေ့(ဧပြီ၂၁ရက်) နံနက် ၁၂နာရီ မိနစ်၅၀ ခန့်မှ နံနက်၂နာရီခွဲဝန်းကျင်အထိ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း မြေပြင်ရှိ တိုက်ပွဲဝင်ရဲဘော်တစ်ဦးက ပြောသည်။
“ လေယာဉ်က အသံကို မကြားရဘူး။တစ်ခါတည်း လာပြီး ၃လုံး ကြဲသွားတာ။ည ၁နာရီ ၁၀မိနစ်ကျ တော့ ၂လုံး ထပ်ကြဲတယ်။၁နာရီ ၅၁မိနစ်မှာ ၂လုံးထပ်ကြဲပြီး လေယာဉ်ခဏပြန်သွားတယ်။၁နာရီ ၅၈မိနစ်လောက်ကျ အမှတ် -၂ တံတားကို လေယာဉ် ၄ စင်းလာပြီး ၁ စင်းစီ လာပြီး ဗုံးထပ်ကြဲတယ်။ကြဲတာကတော့ ရေပူ၊မွေးမြူရေးဇုန်နဲ့ အမှတ် ၂ တံတားနားကိုပါ” ဟု ၎င်းက ပြောသည်။
ဗုံးကြဲခြင်းကြောင့် လူနေအိမ်နှင့် အရပ်သားပြည်သူများ ထိခိုက်မှု ရှိ၊မရှိကိုမူ အတည်ပြုနိုင်ခြင်း မရှိ သေးပေ။
ယနေ့နံနက် ၆နာရီ ၁၀မိနစ်ခန့်ကလည်း အမှတ်- ၂ တံတားအနီးသို့ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံး ၂ကြိမ်ကြဲခဲ့ပြီး စက်သေနတ်ဖြင့်လည်း ပစ်ခတ်ခဲ့ကြောင်း ၁၄ဂိတ်အနီးတွင် ခိုလှုံနေသည့် စစ်ရှောင် ပြည်သူတစ်ဦးက ပြောသည်။
“ ညက မနက် ၂နာရီ ၁၀မိနစ်မှာ ထိုင်းဘက်က လေယာဉ်ပစ်တွေ တင်ထားတဲ့ ကားတွေ နေရာယူလှုပ်ရှားတာ တွေ့ရတယ်။အဲ့အချိန် တံတား- ၂နားမှာ စကစလေယာဉ် ၃စင်း လောက်ရှိနေတယ်။ထိုင်းဘက်က ကားတွေ ၇စီး လောက်ရှိမယ်။မီးဖြူနဲ့ မီးဝါတွေဖွင့်တော့မှ မြန်မာဘက်က ပြန်လှည့်သွားတာ” ဟု ၎င်းက ပြောသည်။
ယနေ့နံနက် အစောပိုင်းတွင် ရေပူရွာဘက်ခြမ်း၌ KNLAဦးဆောင်သည့် တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး နံနက် ၃နာရီ ၂၃မိနစ်ခန့်၌ တိုက်ပွဲယာယီရပ်နားခဲ့ကြောင်း ခိုင်မာသည့် စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“ ကော့ကရိတ်ဘက်ကနေ Y 12တွေ လာတော့မှ တိုက်ပွဲခဏရပ်သွားတာ။လေယာဉ်က ၃နာရီ ခွဲလောက်ရောက်တယ်။ဗုံးသီးတစ်လုံးပဲ ချသွားတယ်။ကင်းခဏပတ်ပြီး ပြန်သွားတယ်။မနက် ၆နာရီ ၁၀မိနစ်မှ ပြန်လာပစ်တာ။အမှတ်- ၂တံတား ထိခိုက်မှုကတော့ မသိရသေးဘူး” ဟု ၎င်းက ပြောသည်။
မြဝတီမြို့ပြင်ရှိ ဘုန်းကြီးကျောင်းများတွင် စစ်ရှောင်ဦးရေ ၂၀၀၀ နီးပါး ရှိလာပြီဖြစ်ကြောင်း MPAက စုံစမ်းသိရသည်။