တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်၊ ကျော်နီမော်ပျူရွာအနီးရှိ စစ်ရေးပစ်မှတ်သုံးခုကို တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ၊ စစ်ကောင်စီဘက်က ၄ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့ကြောင်း လောင်းလုံ ပကဖက ယမန်နေ့(ဧပြီ ၂၀ရက်)တွင် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဧပြီ ၁၉ရက်၊ နေ့လယ် ၁၂နာရီခွဲခန့်တွင် ကျောက်နီမော်ပျူရွာရှိ တာဝါတိုင်စခန်းကုန်း၊ ပျူစောထီးစခန်းနှင့် ဘုရားတောင်ကုန်းတွင် တပ်စွဲထားသည့် စစ်တပ်စခန်းတို့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း လောင်းလုံမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။
“ ဘုရားတောင်ကုန်းနဲ့ တာဝါတိုင်ကုန်းကနီးတယ်။ အင်အားကတော့ တာဝါတိုင်မှာ ၁၅ယောက်လောက်ရှိတယ်။ ဘုရားတောင်ကုန်းမှာတော့ ၂၀လောက်ရှိတယ်။ ပျူစခန်းမှာတော့ ၂၀ကျော်တယ်။ စစ်တပ်ဘက်က သေတာက တာဝါတိုင်းကုန်းက ၄ယောက်ပါ၊ အတင်းသတင်းအရအတည်ပြုလို့ရတယ်” ဟု ၎င်းကပြောသည်။
အထက်ပါ စခန်းသုံးခုအားတိုက်ခိုက်ရာတွင် ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးသီး ၃လုံးကြဲချတိုက်ခိုက်ခဲ့ပြီး၊ ကျန်နှစ်နေရာတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကာ၊ စစ်ကောင်စီဘက်က စစ်သင်္ဘောဖြင့် ၁၂၀ မမ လက်နက်ကြီးများဖြင့်ပါ ပစ်ကူပေးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။
“ စစ်သင်္ဘောရောက်နေတာ လချီကြာနေပြီ၊ တိုက်ပွဲမရှိရင် လောင်းလုံအနောက်ဘက် ပင်လယ်ပြင်က ငါးဖမ်းသင်္ဘောတွေကို ပိုက်ဆံကောက်တာတွေလုပ်တယ်” ဟု လောင်းလုံမြို့နယ် ဒေသခံတစ်ဦးကပြောသည်။
အဆိုပါစစ်ဆင်ရေးကို Launglone PDF Air Force(ဒရုန်းတပ်ဖွဲ့) 1၊ Launglone PDF Sniper Team (စနိုက်ပါအဖွဲ့)၊ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDF မှ လိပ်ပြာတပ်စု၊တောသားလေးတပ်စု၊ ဂဠုန်တပ်စု ၊ ဇုန်-၄တပ်စု 1၊ ကင်းမြီးကောက်ပြောက်ကျားတပ်စု ၊ ရွှေသောင်ယံတပ်စုတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဧပြီ ၈ရက်ကလည်း လောင်းလုံမြို့နယ်၊ လ၀ကရုံး၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ စစ်သား ၅ဦးသေဆုံးခဲ့ကြောင်း သိရသည်။