ကရင်ပြည်နယ်၊မြဝတီမြို့ပြင်ရှိ စစ်ရှောင်ပြည်သူများကို စားနပ်ရိက္ခာထောက်ပံ့မှုများ ပေးနေပြီဖြစ်ကြောင်းသိရသည်။
ဧပြီ၂၀ရက် နံနက်အစောပိုင်းက မြဝတီ အမှတ်-၂ တံတားအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ၁၄ဂိတ်အနီးရှိ ငြိမ်းချမ်းရေးဘုန်းကြီးကျောင်းသို့ ရောက်ရှိ ခိုလှုံနေကြသည့် မြဝတီမြို့ပြင်ရှိ ပြည်သူများအား စားနပ်ရိက္ခာ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း မြဝတီမြို့၊၁၄ဂိတ်အနီးနေ ဒေသခံတစ်ဦးက ပြောသည်။
“ အခု ငြိမ်းချမ်းရေးဘုန်းကြီးကျောင်းကို အလှုရှင်တွေ စရောက်လာပါပြီ။ညနေ(ဧပြီ၂၀ရက်)၅နာရီကျော်လောက်မှာ ရိက္ခာတွေစရတာပေါ့။ည ၇နာရီလောက်မှာအားလုံးကို ဝေပေးလိုက်ပါပြီ။ ဒီနေ့ညနေ ၄နာရီလောက်ကတော့ ကျပ်ကျပ်တည်းတည်း ခဏဖြစ်တာပေါ့။လောလော၊ လောလောနဲ့ ထွက်လာတဲ့သူတွေချည်းမို့ ဘာမှလည်း မစားခဲ့ရဘူး။ပိုက်ဆံရှိတောင် ဘာမှ ဝယ်စားလို့မရဘူး။တိုက်ပွဲဖြစ်နေတာကို အိမ်က ထမင်းဟင်းကြိုချက်လာသူတွေပဲ အဆင်ပြေကြတာပေါ့” ဟု ၎င်းက ပြောသည်။
မြဝတီမြို့ပြင်ရှိ စစ်ရှောင် ပြည်သူအရေအတွက်သည် ထောင်ဂဏန်းကျော်ရှိနေပြီး မြဝတီမြို့တွင်းနှင့် ထိုင်းနိုင်ငံ၊မဲဆောက်မြို့ဘက်မှ စားနပ်ရိက္ခာ အကူအညီ ပေးခြင်းဖြစ်ကြောင်း ငြိမ်းချမ်းရေးဘုန်းကြီးကျောင်းအတွင်း ခိုလှုံနေသည့် အမျိုးသမီးငယ်တစ်ဦးက ပြောသည်။
“ မွေးတာက ကရင်ပြည်နယ်မှာ မွေးတာဆိုတော့ သေနတ်သံနဲ့ ဗုံးသံက နားယဉ်နေပြီးသားပါ။ဒီနေ့ တိုက်ပွဲက သက်သက်ကြီး လိုက်ပစ်နေသလိုပေါ့။ အဓိက ပြဿနာကတော့ လုံခြုံမှုလုံးဝမရှိတာက အဓိကပေါ့။သူတို့(စစ်တပ်)က ထင်သလို ကြဲနေ(လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း)တာမို့။ နောက်ပြဿနာကတော့ ဘုန်းကြီးကျောင်းမှာနေရတာဆိုတော့ လူများတဲ့အခါ နေရာထိုင်ခင်းနဲ့ ချိုးရေပြဿနာလေးတွေ စဖြစ်လာတာပေ့ါ။ဒီမှာ လျှပ်စစ်မီးမရတာလည်း ကြာပြီဆိုတော့လေ။ လူစာရင်းကောက်ပြီးတော့ ညနေ ၆နာရီဝန်းကျင်မှာ ပစ္စည်းရောက်တယ်။ ထိုင်းရောက် မြန်မာ လုပ်သားတွေက လှူတာပါ” ဟု ၎င်းက ပြောသည်။
ထိုင်းနိုင်ငံ၊မဲဆောက်မြို့ရှိ နိုင်ငံရေးအင်အားစုများနှင့် မဲဆောက်ရောက် မြန်မာများက လည်း မြဝတီမြို့ပြင်ရှိ စစ်ရှောင်ရှောင်ပြည်သူများအတွက် သောက်သုံးရေနှင့် စားနပ်ရိက္ခာများ ထောက်ပံ့ ပေးရန် ပြင်ဆင်နေကြောင်း မဲဆောက်အခြေစိုက် တက်ကြွလှုပ်ရှားသူတစ်ဦးကပြောသည်။
“ မြဝတီက စစ်ရှောင်တွေအတွက် မဲဆောက်ဘက်က အသိမိတ်ဆွေတွေရယ်၊ပြည်တွင်း၊ပြည်ပက အလှူရှင်တွေရယ်နဲ့ ပေါင်းပြီး ကူပေးတာပေါ့။ထိုင်းဘက်က တာဝန်ရှိသူတွေကလည်း ခွင့်ပြုထား တယ်ပေါ့။ နောက်တစ်ခုက မဲဆောက်နဲ့ မြဝတီဆိုတာ ကျောချင်းကပ်နေတော့ မြန်မာနိုင်ငံသား အချင်းချင်းဖေးမတဲ့သဘောပါ။ များများစားစားမလှူနိုင်သေးတောင် ထမင်းတစ်နပ်နဲ့ ရေတစ်ခွက် သူတို့ရ နည်းလားဆိုပြီး ကူညီကြတာပါ။အဖွဲ့အစည်းအနေနဲ့ရယ်လို့တော့ မဟုတ်ပါဘူး” ဟု ၎င်းက ပြောသည်။
ထိုင်းနိုင်ငံ၊မဲဆောက်မြို့ရှိ ဒေသခံထိုင်းလူမျိုးများကလည်း ဧပြီ၂၀ရက်တွင် မဲဆောက်သို့ ရောက်ရှိနေသည့် မြဝတီ စစ်ရှောင်ပြည်သူများအတွက် ထမင်းကြော်၊ရေသန့်ဗူးနှင့် အဝတ်အစားများ ထောက်ပံ့ပေးခဲ့ကြောင်း MPAက စုံစမ်းသိရသည်။