ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်အတွင်းရှိ ကျေးရွာ ၂ ရွာမှ အိမ်ထောင်စုပေါင်း ၂၀၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အဓမ္မပြောင်းရွှေ့ခိုင်းနေကြောင်း ဒေသခံများထံမှ သိရသည်။
မာန်အောင်မြို့နယ်၊ သစ်ပုံကျေးရွာအတွင်းရှိ ငှက်ပျောတောနှင့် အနောက်ပါးရပ်ကွက်များမှ နေအိမ် ၂၀၀ ကျော်ကို ယခုဧပြီလ ၂၅ ရက်၊ နောက်ဆုံးထားပြောင်းရွှေ့ရန် စစ်ကောင်စီတပ်သားများက ဧပြီ ၁၈ ရက်တွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။
“ ၂၅ ရက်နေ့အပြီးပြောင်းရမယ်ပြောတယ်၊ မြေနီတောင်နားက မပြောင်းလို့လဲမရဘူး။ ပန်းခြံနဲ့ ဖက်ယားဖက်ကိုနေရာပေးတာ၊ အတော်ခေါင်တဲ့နေရာတွေကိုပေးတာ၊ မြေ ၁၀ ပတ်လည်ပေးတယ်၊ ကျန်တာကိုယ့်ဖာသာဆောက်နေဆိုပြီး။ ဘာလို့ပြောင်းခိုင်းမှန်းမသိဘူး။ သတင်းကြားတာကတော့ တပ်စွဲဖို့လို့ပဲကြားတာ” ဟု နေအိမ်ပြောင်းရွှေ့ရမည့် ငှက်ပျောတောရပ်ကွက်အတွင်းနေထိုင်သည့် ဒေသခံအမျိုးသားတစ်ဦးက ရှင်းပြသည်။
သစ်ပုံကျေးရွာအုပ်စုသည် ငှက်ပျောတော၊ အနောက်ပါး၊ ကွမ်းသီးတောနှင့်ပလ္လင်တောစသည့် ရပ်ကွက်လေးခုဖြင့်ဖွဲ့စည်းထားသည့် ကျေးရွာအုပ်စုဖြစ်ပြီး အိမ်ခြေ ၈၀၀ ခန့်ရှိကာ ၎င်းအိမ်ခြေများအားစာရင်းအတိအကျဖြင့် အိမ်ထောင်စုစာရင်းကောက်မည်ဟု စစ်ကောင်စီတပ်သားများက ပြောဆိုခဲ့ကြောင်းသိရသည်။
“ အိမ်ထောင်စုစာရင်းကောက်မယ်ပေါ့၊ အတိအကျမပေးဘဲ ချန်ထားတာရှိရင် အဲ့ဒီချန်ထားတဲ့ အိမ်ကို ဝရမ်းကပ်မယ်ဆိုပြီး ပြောခဲ့တာရှိတယ်” ဟု သစ်ပုံကျေးရွာရှိ ဒေသခံအမျိုးသားတစ်ဦးကဆိုသည်။
လက်ရှိတွင် အိမ်ပြောင်းရွှေ့ပေးရမည့် ဒေသခံများအနေဖြင့် ၎င်းတို့ပိုင်ဆိုင်သည့် ပစ္စည်းများအားနီးစပ်ရာဆွေမျိုး၊ မိတ်ဆွေများရှိရာသို့ ပေးပို့ထားရပြီး ကျေးရွာနှစ်ရွာပေါင်း ပြောင်းရွှေ့ရမည့်လူဦးရေမှာ ၁၅၀၀ နှင့် ၁၈၀၀ ကြားတွင်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလ၊ ပထမပတ်တွင်းကလည်း သစ်ပုံကျေးရွာရှိ လူငယ် ၁၀၀ ကျော်ကို စစ်ကောင်စီတပ်က စစ်မှုထမ်းရန် အဓမ္မစာရင်းကောက်ယူမှုများရှိခဲ့ကြောင်းနှင့် ဒေသခံများကို အာရက္ခတပ်တော် AA နှင့်မပတ်သက်ကြရန် ခြိမ်းခြောက်မှုများလည်းရှိခဲ့သည်။