ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ အရှေ့ကုန်းရွာထိပ် ဗျူဟာလမ်းပေါ်တွင် စစ်ကောင်စီနှင့်ပျူစောထီးစစ်ကြောင်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၂ဦးသေဆုံးပြီး ၃ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ တပ်ရင်း ၃၈ဝ၂၊ တပ်ခွဲ ၁ Dragon Brothers (GBK PDF)က ယနေ့(ဧပြီလ ၁၁ ရက်)တွင် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဧပြီ ၉ရက်၊ ညနေ ၅နာရီ မိနစ် ၅၀ခန့်တွင် ဘော်ဘင်ပျူရွာမှ အင်အား ၅၀ခန့်ရှိ စစ်သားနှင့် ပျူစောထီးများ သည် ကားနှစ်စီးဖြင့် ကင်းကျောင်းကျေးရွာသို့သွားစဉ် ကြိုတင်သတင်းရရှိမှုအရ အရှေ့ကုန်းရွာထိပ်၌ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Dragon Brothers (GBK PDF)မှ တာ၀န်ရှိသူတစ်ဦးကပြောသည်။
“ ကားနှစ်စီးနဲ့လာတာကို နောက်ကကားကိုပစ်တာ၊ သတင်းကြိုရလို့စောင့်ပစ်တာ၊ ၂ဦးသေတာအတည်ပြုရတယ်။သတင်းပေးပြောပြလို့သိတာပါ” ဟု ၎င်းကပြောသည်။
ထိုကဲ့သို့ ကြားဖြတ်တိုက်ခိုက်ခံရသည့်အတွက် စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကာ၊ လက်လုပ် လက်နက်ကြီးပြောင်းကွဲသွားသည့် Dragon Brothers (GBK PDF)မှ ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း တိုက်ပွဲတွင်ပါဝင်ခဲ့သည့် ရဲဘော်တစ်ဦးကပြောသည်။
“ ကျတော်တို့ဘက်က လက်နက်ငယ်ရယ်၊လက်လုပ် ၄၀ မမနဲ့ ၆၀ မမတွေနဲ့ တိုက်ခိုက်ခဲ့တာ၊ ရဲဘော်တစ်ဦး လက်လုပ် ၆၀ မမ ပြောင်းကွဲလို့ ဒဏ်ရာရခဲ့တော့ ခဏပဲ ပစ်ပြီး ပြန်ဆုတ်ခဲ့တာပါ” ဟု ၎င်းကပြောသည်။
အထက်ပါတိုက်ခိုက်မှုကြောင့် အထိနာခဲ့သည့် စစ်တပ်နှင့် ပျူစောထီးများသည် တော်လှန်ရေးတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာခဲ့သော်လည်း လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ရက်တွင်လည်း ကြို့ပင်ကောက်မြို့နယ်ရှိ ဆင်စခန်းဟောင်းကို မီးရှို့ပြန်လာသည့် စစ်ကောင်စီလက်အောက်ခံ သစ်လုပ်ငန်းထန်းထမ်းများနှင့် ပျူစောထီးများကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ ၅ဦးသေဆုံးခဲ့သေးသည်။