စစ်ကိုင်းတိုင်း၊ မြင်းမူမြို့အဝင်တွင် စစ်သားများတင်ဆောင်လာသော တွဲကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂ဦးသေဆုံးကြောင်း Moe Nyo Revolution Force-MNRFက သတင်းထုတ်ပြန်သည်။
ဧပြီ ၁၀ ရက်၊ မွန်းလွဲ ၂ နာရီခွဲခန့်တွင် မန္တလေး-မုံရွာလမ်းပိုင်း၊ မြင်းမူမြို့အဝင်တွင် စစ်သားများ တင်ဆောင်လာသော တွဲကား ကို ပေါက်ကွဲအားပြင်းသည့် မိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“မိုင်းမိပြီးပြီးချင်း စက်သေနတ်ကိုင်က ပွဲချင်းပြီးတာဗျ။ဒဏ်ရာရတဲ့ကောင်တွလည်းများတယ်။ကားက ရှေ့ကို ဆက်မသွားနိုင်ဘူး။သေတဲ့စစ်သားနဲ့ဒဏ်ရာရတွေကို လူနာတင်ယာဥ် နဲ့လာခေါ်သွားတယ်။ အဲ့ဒီကားကို မြင်းမူ အထက-၁ ထဲ ကိုပို့ထားတယ်ဗျ။သေတဲ့ စစ်သားတွေနဲ့ ဒဏ်ရာရတွေကိုတော့ မြင်းမူဆေးရုံကိုပဲ လူနာတင်ယာဥ်နဲ့သယ်သွားတာ” ဟု Moe Nyo Revolution Force-MNRF ခေါင်းဆောင် ကိုမိုးညို ကပြောသည်။
ယင်းမိုင်းဆွဲတိုက်ခိုက်မှုအပြီးတွင် စစ်သားများက ရမ်းသန်းပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
“မနေ့က မိုင်းကွဲသံကြားရတယ်။ထိခိုက်သေဆုံးမှုလည်းရှိတယ်။မြင်းမူမှာ မြို့တွင်းလမ်းနဲ့မြို့ရှောင်လမ်းဆိုပြီး ၂ လမ်းရှိတယ်။ဒီနေ့(ဧပြီ၁၁ရက်)တော့ မြို့ရှောင်လမ်းကိုပိတ်ပြီး ကားမှန်သမျှကို တစ်လမ်းထဲသွားခိုင်းပြီးစစ်ဆေးနေတယ်” ဟု မြင်းမူမြို့ခံတစ်ဦးကပြောသည်။
အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကို Moe Nyo Revolution Force – MNRF၊ PENTAGRAM ငါးထောင့်ကြယ်နှင့်ကျောက်ဆည်ခရိုင်တပ်ရင်း-၂ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
စစ်သားများ ထိခိုက်သေဆုံးမှုကို MPA အနေဖြင့်သီးခြားအတည်မပြုနိုင်ပေ။