စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့၊ သစ်တောဦးစီးရုံးနှင့်လဝက(လူဝင်မှုကြီးကြပ်ရေး)ရုံးအခြေစိုက် စစ်သားများကို ဒရုန်းဖြင့် ဗုံးကြဲခဲ့ရာ ၃ဦးသေဆုံးကြောင်း မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊တပ်ခွဲ(၃)-လျှပ်စီးတပ်ခွဲ ကသတင်းထုတ်ပြန်သည်။
ဧပြီ ၉ ရက်၊ မွန်းလွဲ ၁၂နာရီ ခွဲဝန်းကျင်တွင် ချောင်းဦးမြို့၊ သစ်တောဦးစီးရုံးနှင့်လဝက ရုံးတို့၌ တပ်စွဲထားသည့် စစ်သားများကို ဒရုန်း ၃ စင်းဖြင့် ဗုံးသီး ၈ လုံးချတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
“ကျနော်တို့ ဒရုန်း ၃ စင်းစလုံးကတော့ တစ်ပြိုင်နက် ပျံတာ။ဗုံးသီးချတာကတော့ တစ်စင်းပြီးမှ တစ်စင်း ချတာပါ။အရင်ဆုံး လဝက ရုံးကို ချတာမှာ ပေါက်ကွဲတာနဲ့ တန်းပစ်တာပဲ။လဝက ရုံးကို ၄ လုံး၊သစ်တောရုံးကို ၄ လုံးချတာပါ။သေတာကလည်း လဝက ရုံးကပဲလို့ ကျနော်တို့ ပြန်သိရတယ်” ဟု မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊တပ်ခွဲ(၃)-လျှပ်စီးတပ်ခွဲ မှ တပ်ခွဲမှူး ကိုမိုးကြိုး ကပြောသည်။
သေဆုံးသွားသည့် စစ်သား၃ဦးထဲတွင် ဒုတပ်ကြပ်တစ်ဦးပါဝင်ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုပြီးနောက် လဝက်ရုံးမှ စစ်သားများသည် ၆၀ (မမ) လက်နက်ကြီးအပြင် လက်နက်ငယ်များဖြင့်ပါ ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိ ကြောင်းသိရသည်
“ဒီကောင်တွေ သေတယ်ဆိုတာ ၁၀ ရက်နေ့မှ ကျနော်တို့ သိရတာ။ကျနော်တို့ ဗုံးသီးချတာ နာရီဝက်အတွင်းမှာ ပဲချတာ” ဟု မုံရွာခရိုင် အမှတ် – ၁၂ တပ်ရင်း၊တပ်ခွဲ(၃)လျှပ်စီးတပ်ခွဲ မှ ပြန်ကြားရေးတာဝန်ခံ ကိုချမ်း ကပြောသည်။
ယင်းစစ်သားများသည် မုံရွာ-မန္တလေးလမ်းပေါ်သို့ တက်ပြီး ခရီးသွားကားများကို တားကာ ငွေတောင်းရမ်းနေခြင်းဖြစ်ကြောင်း သိရသည်။
“ဟိုလိုကြီး အခိုင်အမာဂိတ်တော့မဟုတ်ဘူး။အမြဲ လမ်းဘေး ဂိတ်ထိုးပြီးတောင်းရမ်းနေတာတွေ့ တယ်။ညနေစာ အရက်ဖိုးတောင်းတာ” ဟု ချောင်းဦးတောင်ရပ်ကွက်နေ ပြည်သူတစ်ဦးကပြော သည်။
အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် – ၁၂ တပ်ရင်း၊တပ်ခွဲ(၃)လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊တပ်ခွဲ(၄)မီးတောက်တပ်ခွဲနှင့်မုံရွာခရိုင် အမှတ်- ၈ တပ်ရင်း တို့ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။
စစ်သားများ သေဆုံးမှုကို MPA အနေဖြင့်သီးခြားအတည်မပြုနိုင်ပေ။