မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တူရွင်းဘို့ရွာသို့ လယ်သစ်ရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးများပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ပြည်သူတစ်ဦးသေဆုံးပြီး ၂နှစ်အရွယ်ကလေးငယ်အပါအဝင် သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်သည် ယမန်နေ့(ဧပြီ ၉ရက်)၊ မနက် ၇နာရီမှ ၁၂နာရီအထိ တော်လှန်ရေးတပ်ဖွဲ့များက မြင်းခြံ-နဘူးအိုင်လမ်းမပေါ်၌ စစ်ဆေးရေးများပြုလုပ်နေချိန်တွင် လယ်သစ်ပျူစောထီးရွာမှ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ အဆိုပါလက်နက်ကြီးကျည်များသည် တူရွင်းဘို့ရွာသို့ ကျရောက်ခဲ့ခြင်းဖြစ်သည်ဟု မြေပြင်တော်လှန်ရေး ရဲဘော်တစ်ဦးကပြောသည်။
“ စစ်တပ်ကော၊ ပျူတွေကော ကျတော်တို့နေရာကို မလာရဲကြဘူး။ အဲ့ဒါကြောင့် လယ်သစ်ပျူရွာနေ လက်နက်ကြီးနဲ့ လှမ်းပစ်တာ၊ တူရွင်းဘို့ရွာထဲကို ကျသွားတယ်” ဟု ၎င်းကပြောသည်။
ထိုကဲ့သို့ စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် တူရွင်းဘို့ရွာမှ အသက် ၃၄နှစ်အရွယ် ဦးမင်းနိုင်ထူး သေဆုံးပြီး ၎င်း၏ ဇနီးဖြစ်သူ မစံကြည် အသက် ၃၇နှစ်၊ သမီးကြီး မသင်းမြတ်ဖြိုး အသက် ၇နှစ်နှင့် သမီးငယ်မသဲမြတ်ဖြိုး အသက် ၂နှစ်တို့ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း တူရွင်းဘို့ရွာအနီးမှ ဒေသခံတစ်ဦးကပြောသည်။
“ မိသားစုလေးဦးရှိတာ၊ ဖခင်ဖြစ်သူက နေရာမှာတင်သေသွားတယ်။ ကျန်တဲ့သူတွေကလည်း အရေးပေါ်ကုသနေရတယ်” ဟု ၎င်းကပြောသည်။
ယခုကဲ့သို့ စစ်ကောင်စီ လက်နက်ကြီးကြောင့် ပြင်းထန်ဒဏ်ရာရရှိခဲ့သူများသည် မြင်းခြံပြည်သူ့ဆေးရုံကြီး၌ ပစ္စည်း မလုံလောက်မှုကြောင့် ကုသနိုင်ခြင်းမရှိဘဲ မန္တလေးဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသနေရကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဧပြီ ၈ရက်ကလည်း မြင်းခြံမြို့နယ်၊ တောပုရွာရှိ အိမ်ခြေ ၄၀၀ကျော်ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ပြီး ၁၈နှစ်အရွယ် ပြည်သူတစ်ဦးကိုလည်း သတ်ဖြတ်ခဲ့သေးသည်။