ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း မိုးကာအစိမ်းဖြင့် အထပ်ထပ်ပတ်ကာ အမှိုက်ပုံတွင်စွန့်ပစ်ထားသည့် လူသေအလောင်းတစ်ခုကို မတ်လ ၂၈ ရက်၊ ညနေပိုင်းကတွေ့ရှိခဲ့ရကြောင်း ဒေသခံများထံမှသိရသည်။
အဆိုပါရုပ်အလောင်းကို ဖားကန့်မြို့နယ်၊ မရှီကထောင်ရပ်ကွက်အတွင်းရှိ ဥရုချောင်းဘေး(ဒေသအခေါ် ရေအေးချောင်)အမှိုက်ပုံတွင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အမျိုးသားတစ်ဦး၏ ရုပ်အလောင်းဖြစ်ကြောင်း သိရသည်။
“ မနေ့ ညနေကတွေ့တာပေါ့ အဲ့ဒီကလူတွေက၊ သယ်တာကတော့တခြားအဖွဲ့ကသယ်သွားတာပဲ၊ အလောင်းကတော့ ပိုင်ရှင်မဲ့ပေါ့၊ အနံ့အတော်ထွက်နေမှအနားကလူတွေဖြတ်သွားရင်း သိကြတာ။ ရုပ်ကအတော်ပျက်နေတော့ဘယ်သူမှန်းမသိနိုင်တော့ဘူးလေ” ဟု ဒေသခံ ပရဟိတအဖွဲ့တစ်ခုရှိ အဖွဲ့ဝင်တစ်ဦးကဆိုသည်။
သတ်ဖြတ်ခံရသည့် အမျိုးသားသည် မည်သူမည်ဝါဖြစ်ကြောင်းနှင့် သေဆုံးသည့် အကြောင်းအရင်းကို MPA အနေဖြင့် ဆက်လက်စုံစမ်းဆဲဖြစ်သည်။
“ တရားဥပဒေ မစိုးမိုးတဲ့အချိန်ဆိုတော့လဲ ဘာလုပ်လုပ်မလွတ်ဘူးဗျ။ တောဘက်နဲ့ အဆင်ပြေအောင်နေတော့လဲ မြို့ဘက်နဲ့က မပြေတာရှိတယ်။ တောဖက်ဆိုတာက KIA ပေါ့ မြို့ကတော့ ဒီရဲဖက်တွေပေါ့၊ ဒါတွေကတော့ မဖြစ်တာကောင်းတာပေါ့၊ မဖြစ်စေချင်ဘူးပေါ့ဗျာ ဖြစ်ရင်တော့ ဆုံးရူံးမှုတွေရှိတာပေါ့၊ ဖြစ်တဲ့သူက အိမ်ထောင်ဦးစီးဆိုရင် မိသားစုဘဝပျက်တာပေါ့ဗျာ၊ တစ်ခြားသူတွေလဲ လုံခြုံရေးအရတော့စိုးရိမ်မှုတွေရှိတာပေါ့။ အခုဖြစ်နေတာတွေလဲဘယ်တတ်နိုင်မလဲဗျာ ကျွန်တော်တို့က အာဏာပိုင်တွေမှမဟုတ်တာ” မရှီကထောင်ရပ်ကွက်အတွင်းနေထိုင်သည့် ဒေသခံအမျိုးသားတစ်ဦးက မှတ်ချက်ပြုသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ မေလအတွင်းကလည်း မရှိကထောင်ရပ်ကွက်အတွင်းရှိ ကြိုးတံတားထိပ်တွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် လူတစ်ဦးကိုတွေ့ရှိခဲ့သေးကြောင်း ဒေသခံများကဆိုသည်။