ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ စစ်ကွင်းကျေးရွာ အနီးတွင် တော်လှန်ရေးရဲဘော်များနှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် စစ်ကွင်းကျေးရွာနှင့်မုက္ကမော့ကျေးရွာရှိ ပြည်သူ ၁၇၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံပြည်သူများထံမှ စုံစမ်းသိရှိရသည်။
ယခုလနောက်ဆုံးပတ်အတွင်း ဖြစ်ပွားနေသည့်တိုက်ပွဲကြောင့် ကျေးရွာ ၂ ရွာရှိ ဒေသခံပြည်သူများ တောတောင်မျာစအတွင်းသို့ ရွာလုံးကျွတ် တိမ်းရှောင်နေရခြင်းဖြစ်ကြောင်း အသက် ၃၀ အရွယ် စစ်ရှောင်အမျိုးသမီးတစ်ဦးက MPA ကိုပြောသည်။
“၂ ရွာ ပေါင်းဆို ၁၇၀၀ လောက်ရှိမယ်ထင်တယ်၊စာရင်းအတိကျမသိဘူး။ ကလေး၊ လူကြီး အကုန်ပါတယ်၊ အမျိုးသမီးတွေများတယ်၊ အိမ်ပြန်လို့မရသေးဘူး တောထဲမှာပဲ နေရတာ။ တချို့ကလည်း နီးစပ်ရာ ရွာတွေ၊ ဆွေးမျိုးတွေဆီ ထွက်ပြေးကြတယ်။ စားစရာကလည်းသိပ်မပါတော့ ချွေတာစားနေရတာပေါ့။ တိုက်ပွဲကမငြိမ်သေးတော့ အလှူရှင်တွေလဲလာလို့မရဘူးလေ”ဟု ၎င်းက ရှင်းပြသည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီက ပစ်ခတ်လိုက်သည့် လက်နက်ကြီးများ ကျေးရွာအတွင်းကျရောက်ပေါက်ကွဲခဲ့သဖြင့် နေအိမ်အချို့ မီးလောင်ဆုံးရှူံးခဲ့ကြောင်း အသက် ၄၀ အရွယ် စစ်ရှောင်အမျိုးသားတစ်ဦးက လက်လက်ပြောသည်။
“စစ်ကွင်းရွာကို ၂ လုံး၊ မုက္ကမော့ရွာကကို ၁ လုံးကျတယ်လို့တော့ကြားရတယ်၊ သေချာမသိရသေးဘူး။ စစ်တပ်ကရွာနားမှာပဲ ရှိနေသေးတော့ ရွာလဲပြန်မကြည့်ရဲသေးဘူး ”ဟု ၎င်းကဆိုသည်။
ယခုတိုက်ပွဲသည် KNU၊ KNKA၊ ပဲခူးခရိုင်အထူးတပ်ဖွဲ့နှင့် ငါးမြို့နယ်( ဝေါ၊ ကဝ၊ သနပ်ပင်၊အင်းတကော်၊ ဒိုက်ဦး)ပကဖပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြားဖြစ်ပွားသည့်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က အနည်းဆုံး ၂ ဦးသေဆုံးခဲ့ကြောင်း ၅ မြို့နယ်ပကဖ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“သူတို့(စကစ)အင်အား ၃၀ လောက်ရှိမယ်၊ ပစ်ပြီးတက်လာတာ၊ ကျွန်တော်တို့က စောင့်ပစ်တာ၊ သူတို့ဘက်ကတော့လက်နက်ကြီးတွေနဲ့ ပြန်ပစ်တယ်၊ မျက်မြင် ၂ ယောက်သေတယ်၊ ဒဏ်ရာရတဲ့သူတွေခေါ်ပြီး နောက်ကြောင်း ပြန်ဆုတ်သွားတယ် ”ဟု ၎င်းကတိုက်ပွဲဖြစ်ပွားခဲ့သည့်အခြေအနေကိုပြောပြသည်။
ပြန်ဆုတ်သွားသည့်စစ်ကောင်စီစစ်ကြောင်းမှာ ကင်းပုန်းများချထားကာ စစ်ရေးအခြေအနေတင်းမာလျက်ရှိနေပြီး အချိန်မရွေးတိုက်ပွဲဖြစ်ပွားလာနိုင်ကြောင်း တော်လှန်ရေးရဲဘော်များက ဆိုသည်။