ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအား အသက်သွင်းရန်ကြိုးစားနေခြင်းကို လက်မခံကြောင်းနှင့် စစ်သားစုဆောင်းရေးတွင် ပါဝင်ပတ်သက်သူများ၏ လုံခြုံရေးကို အာမခံမည်မဟုတ်ကြောင်း ချင်းအမျိုးသားကောင်စီ – မင်းတပ်(CNC – Mindat)က ယနေ့သတင်းထုတ်ပြန်သည်။
စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေဖြင့် တစ်နိုင်ငံလုံးရှိလူငယ်များကို အတင်းအဓမ္မတပ်သားသစ်စုဆောင်းမှု ပြုလုပ်နေသည့်နည်းတူ မင်းတပ်မြို့ပေါ်ရပ်ကွက်များတွင်လည်း စစ်သား၊ ရဲနှင့် စစ်ကောင်စီလက်အောက်ခံ Non-CDM ဝန်ထမ်းများက အိမ်ထောင်စုစာရင်းများကောက်ခံစစ်ဆေးလျက်ရှိနေခြင်းကြောင့် ယခုလိုသတိပေးထုတ်ပြန်ရခြင်းဖြစ်ကြောင်း CNC(Mindat) ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က MPA ကိုပြောသည်။
“ ကျွန်တော်တို့ CDF(မင်းတပ်)အနေနဲ့ တကယ့်တကယ်မြို့ပေါ်ဆိုတာ အချိန်မရွေးဝင်ထွက်လို့ရတယ်။ အဝင်အထွက်လွယ်တယ်ပေါ့နော်။ ရဲဝန်းထဲ၊ စစ်တပ်ဝန်းထဲမနေတဲ့ စကစလက်အောက်ခံဝန်ထမ်းတွေအနေနဲ့ ကျွန်တော်တို့တကယ့်တကယ်အရေးယူမယ်ဆိုရင်တော့ အချိန်မရွေးဆွဲစိလို့ရတဲ့အခြေအနေပဲ။ ဒါပေမယ့်ကြိုတင်သတိပေးထားတဲ့ သဘောမျိုးပေါ့” ဟု ၎င်းကရှင်းပြသည်။
စစ်ကောင်စီက ထိုသို့လုပ်ဆောင်နေသော်လည်း မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်မှုနည်းပါးပြီး ဒေသခံလူငယ်များအပေါ် ကြီးမားသည့်သက်ရောက်မှုမရှိကြောင်း မင်းတပ်ဒေသခံအမျိုးသားတစ်ဦးက သုံးသပ်သည်။
“ မင်းတပ်မြို့ကအဝင်အထွက်လွယ်တယ်။ တကယ်လို့အဲ့ဒီလိုစုဆောင်းလာရင်လည်း ရှောင်လို့ရတယ်။ ဒါပေမယ့် မြို့ပေါ်မှာလူငယ်က မရှိသလောက်ပဲပေါ့နော်။ အိန္ဒိယဘက်သွားတဲ့လူသွား၊ ရွာတွေဘက်တောင်ယာလုပ်တဲ့လူလုပ်ပေါ့။ CDF ထဲဝင်တဲ့လူလည်း ရှိတယ်” ဟု ၎င်းကဆိုသည်။
စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက်တွင် အတည်ပြုပြဌာန်းခဲ့ပြီးနောက် မြေပြန့်မှလူငယ်အများအပြားသည် ချင်းတောင်ရှိတော်လှန်ရေးအင်အားစုများထံ ပူးပေါင်းပါဝင်လာမှုများရှိနေသည်။
စစ်ကောင်စီအနေဖြင့် ယခုရက်ပိုင်းအတွင်း မင်းတပ်မြို့နယ်နှင့် ယောနယ်များသို့ လေကြောင်းတိုက်ခိုက်မှုမကြာခဏပြုလုပ်လျက်ရှိပြီး မင်းတပ်မြို့စစ်ကောင်စီကလည်း အနီးပတ်ဝန်းကျင်သို့ လက်နက်ကြီးပစ်ခတ်ခြင်းနှင့် အရပ်သားနေအိမ်များအပေါ် ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်ခြင်းများကို ပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံက စုံစမ်းသိရှိရသည်။