ရှမ်းပြည်နယ်တောင်ပိုင်း၊ ၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင်းသို့ သတင်းထုတ်ပြန်ပြီးမှသာ ပြည်သူများဝင်ရောက်နေထိုင်ရန် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ် (PNLA) က သတိပေးသည်။
မတ်လ ဒုတိယအပတ်မှ စတင်ကာ ဆီဆိုင်မြို့တွင်းသို့ ဒေသခံပြည်သူများ ပြန်လည်ဝင်ရောက်နေထိုင်နေသည့်အတွက် သတိပေးရခြင်းဖြစ်ကြောင်း PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။
“အရင်တခေါက်ကလည်း အွန်လိုင်းပေါ်က သတင်းတု၊ သတင်းမှားတွေယုံပြီးတော့ ပြန်ဝင်ဖို့ကြိုးစားတဲ့အခါမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ ၇ယောက် သေဆုံးခဲ့တဲ့ ဖြစ်စဥ်လည်း ရှိခဲ့တယ်ပေါ့လေ။အခုလည်း ဆီဆိုင်မြို့ထဲကိုဝင်ဖို့ကြိုးစားရင်းနဲ့ စစ်ကောင်စီနဲ့အပေါင်းအပါတွေ၊ လက်ပါးစေတွေက ဖမ်းဆီးတာတွေ ပစ်ခတ်သတ်ဖြတ်တာတွေရှိတယ်လို့ ကျွန်တော်တို့က ကြားသိ ရတယ်။တချို့ဆိုရင် ဘယ်ရောက်လို့ရောက်နေမှန်းမသိဘူးဆိုတာတွေ တွေ့နေရတဲ့အခါကျတော့ မလိုလားအပ်တဲ့ထိခိုက်မှုတွေ မဖြစ်အောင်ပြည်သူလူထုအနေနဲ့ ကျွန်တော်တို့ရဲ့ ထုတ်ပြန်ချက်ကိုပဲစောင့်ကြည့်ကြပါ။ထုတ်ပြန်ချက်ကိုပဲယုံကြည်ကြပါလို့ ပြောချင်ပါတယ်” ဟု ၎င်းက ပြောသည်။
ယနေ့အချိန်ထိ ဆီဆိုင်မြို့တွင်း၊မြို့ပြင် အနှံ့တွင် တိုက်ပွဲများနေ့စဉ်ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ဒရုန်းများဖြင့် ပစ်ခတ်ရုံသာမက တင့်ကားများပါအသုံးပြု တိုက်ခိုက်လျက်ရှိကြောင်း ခွန်ရိန်းယံက ပြောသည်။
“ ဆီဆိုင်မြို့အခြေအနေကတော့ မြို့တွင်းမြို့ပြင်မှာ နေရာအစုံမှာ တိုက်ပွဲက နေ့စဥ်ပြင်းပြင်းထန်ထန်ဖြစ်နေတယ်ပေါ့နော်။ စစ်ကောင်စီက တင့်ကားတွေသုံးပြီးတော့ ထိုးစစ်ဆင်နေတဲ့အနေအထားပေါ့။တင့်ကားက၃စီးပေါ့နော်။ဒါကြောင့်မို့လို့ ဆီဆိုင်မြို့က စစ်ဇုန်ထဲရောက်နေတယ်ပေါ့နော်။ တိုက်ပွဲလည်း ပြင်းပြင်းထန်ထန်ဖြစ်နေတာကြောင့်မလို့ ဒေသခံပြည်သူလူထုတွေအနေနဲ့ သတင်းတု၊ သတင်းမှားတွေကို ယုံပြီးတော့ အရဲစွန့် မဝင်ကြဖို့ ပြောချင်ပါတယ်” ဟု ၎င်းကဆက်လက် ပြောသည်။
ဆီဆိုင်မြို့တွင်း၌ ဒေသခံအနည်းငယ်သာ ကျန်ရှိကြောင်းနှင့် မြို့တွင်းသို့ ပြန်ဝင်လာသည့် ဒေသခံ ၇ဦးကို စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်က ဖမ်းဆီးထားကြောင်း ဒေသခံတစ်ဦးကပြောသည်။
“ ဒီလ ဒုတိယအပတ်ကစပြီး ဆီဆိုင်မှာ အန္တရာယ်ကင်းပြီဆိုတဲ့ သတင်းတွေကြားရတယ်။ အဲ့ဒါ ကြောင့် စစ်ရှောင်ပြည်သူတွေက ဆီဆိုင်မြို့ထဲ ပြန်ဝင်ကြတာပါ။ပထမဝင်ဝင်ချင်းက အဆင်ပြေ ကြ တယ်။မတ်လ ၂၄ရက်နေ့ကစပြီး ပြည်သူ့စစ်(PNO)တွေက ဒေသခံတွေကို ဖမ်းတယ်။ ပစ္စည်းတွေ လည်း ယူတယ်။ဒေသခံလင်မ ယားနှစ်ယောက်ဆို ပစ်သတ်ခံရတယ်ကြားတယ်။ဒေသခံ ၇ယောက် လည်း မိသားစုဝင်တွေရော၊ဆွေ မျိုး တွေရော ဆက်သွယ်မရဘဲပျောက်နေကြတယ်။အဲ့ထဲမှာက လေးတွေလည်း ပါတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ဆီဆိုင်မြို့တွင်းသို့ ပြန်လည်ဝင်ရောက်လာသည့်ပြည်သူ ၂၀ကျော်ကို စစ်ကောင်စီတပ်နှင့် PNOတပ်ဖွဲ့တို့က ဖမ်းဆီးထားပြီး မိသားစုက အဆက်အသွယ်ပြန်မရသည့် အတွက် PNLAတပ်ဖွဲ့အနေနှင့် စုံစမ်းလျက်ရှိကြောင်း PNLA၏ ပြောရေးဆိုခွင့်ရှိသူ က ဆိုသည်။