ရန်ကုန်တိုင်း၊ အင်စိန်ဗဟိုအကျဉ်းထောင်ရှိ အမျိုးသမီးဦးစီးမှူးဖြစ်သူ ဒေါ်မိမိလှိုင်သည် နိုင်ငံရေး အကျဉ်းသူများအပါဝင် အခြားအကျဉ်းသူများထံမှ အကြောင်းအမျိုးမျိုးပြ ငွေကြေးတောင်းခံကာ စီးပွားရှာနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဥ်းသားများကွန်ရက်က မတ်လ ၂၇ ရက်တွင်ထုတ်ပြန်သည်။
ဦးစီးမှူး ဒေါ်မိမိလှိုင်သည် အကျဉ်းသူများအားအဆောင်များတွင် နေရာချထားမှု၊ အဆောင်အပြောင်းအရွှေ့များတွင် အဓိကလုပ်ကိုင်ခွင့် အပြည့်အဝရရှိထားသူဖြစ်ကြောင်း အဆိုပါကွန်ရက်ရှိ ကိုသိုက်ထွန်းဦးက ပြောသည်။
“အဲဒီနေရာပြောင်းရွှေ့မှုကပဲ သူ့(ဒေါ်မိမိလှိုင်)အတွက်ဝင်ငွေကောင်းကောင်းရှာပေးနေတာ၊ လေဝင်လေထွက် ကောင်းကောင်းနေရာတွေ၊ သပ်သပ်ရပ်ရပ်ရှိတဲ့ နေရာတွေဆို သူ့အစားစား ဈေးပေါက်တယ်။ ကျွန်တော်တို့စုံစမ်းသိရှိရသလောက်အနည်းဆုံး ၂ သိန်း၊ ၅ သိန်းနဲ့ ၁၀ သိန်းကြားပေးရတဲ့နေရာတွေကများတယ်၊ ဒါမျိုးကို လက်မခံဘဲ ဆန့်ကျင်တဲ့ နိုင်ကျဉ်းအမျိုးသမီးတွေလည်းအများကြီးရှိပါတယ်။ အဲဒါမျိုးဆန့်ကျင့်လာတဲ့သူတွေဆို သူက ထောင်ပြောင်းတာတွေ တိုက်ပိတ်တာတွေလုပ်တယ်၊ ပြီးတော့ အနံ့အသက်မကောင်းတဲ့အိမ်သာနေရာတွေ၊ဘအမှိုက်ပုံးနားတွေမှာ ထားတယ်” ဟု၎င်းက ရှင်းပြသည်။
အင်းစိန်ထောင်အပါဝင် အခြားအကျဉ်းထောင်များ၌ အကျဉ်းကျခံနေရသည့်အကျဉ်းသူ ၊ အကျဉ်းသားများအားလုံးသည် စစ်တပ်အာဏာသိမ်းပြီးနောက် ကိုယ့်စားရိတ်နှင့်ကိုယ် အကျဉ်းကျခံနေရကြောင်း ကိုသိုက်ထွန်းဦးက ဆက်လက်ပြောဆိုသည်။
“တံမြက်စည်းကအစ သောက်ရေခွက်ကအဆုံး ကိုယ့်ဘာသာဝယ်သုံးနေရတဲ့ အခြေနေမျိုးတွေဖြစ်နေတာ၊အခုအင်းစိန်ထောင်ဆိုပိုဆိုးတာပေါ့၊ အခြားအကျဉ်းသူတွေရော နိုင်ငံရေးအကျဉ်းသူတွေ အားလုံး ၆၀၀၀ လောက်ရှိမယ်၊ ပြွတ်သိပ်နေအောင်နေရတာ၊အကျဉ်းသားတစ်ယောက်ရဲ့အခွင့်ရေးဆိုတာဘာမှန်းမသိအောင်ဖြစ်နေတဲ့ အခြေအနေမျိုးတွေ ဖြစ်နေတာ” ဟု ၎င်းက ဆိုသည်။
ထို့ကဲ့သို့ အနံ့အသက်မကောင်းသည့် နေရာများ၊ ရာသီဥတုပူပြင်းချိန် လေဝင်လေထွက်မကောင်းသည့် နေရာများတွင် ကျပ်တည်းစွာ နေရသဖြင့် အကျဉ်းသူ၊ အကျဉ်းသားများအနေဖြင့် ကျန်းမားရေးဆိုးဝါးစွာ ထိခိုက်နိုင်ကြောင်း CDM ဆရာဝန် ဒေါက်တာယုကီ( Yuki ) ကသုံးသပ်သည်။
“အနံ့အသက်ဆိုးတွေကြောင့် အစားအသောက်မစားနိုင်တာမျိုးတွေ အားနည်းတာမျိုးတွေ ဖြစ်နိုင်ပါတယ်၊ ပြီးတော့ အသက်ရှူလမ်းကြောင်းပိုးဝင်တာမျိုးတွေပေါ့၊ ပန်းနာရင်ကျပ်ရှိတဲ့သူတွေဆို ပိုပြီးရောဂါအခြေနေဆိုးလာမယ်၊ ပြီးတော့ အမှိုက်ထားတဲ့နေရာတွေဆိုလည်း ခြင်တွေ၊ ယင်တွေ၊ ကြွက်တွေရှိရင်လည်း ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ပလိပ်ရောဂါတွေ ဖြစ်နိုင်တယ်၊ အခုရာသီက ပူနေတော့ လေဝင်လေထွက်မကောင်းတဲ့နေရာတွေဆို အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေ ရာသီတုပ်ကွေး ကိုဗစ်တွေ အသက်ရှူလမ်းကြောင်းပိုးဝင်တာတွေ၊ နမိုးနီးယားတွေအစုံဖြစ်နိုင်တယ်” ဟု ဒေါက်တာ ယုကီက မှတ်ချက်ပြု ပြောသည်။
အင်းစိန်ထောင်သည် ခေတ်အဆက်ဆက်သမိုင်းတစ်လျှောက် နိုင်ငံရေးအကျဥ်းသားများကိုဖိနှိပ်မှုကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားသောထောင်ဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၅ ရက်ကလည်း နိုင်ငံရေး အကျဉ်းသား ၂၄ ဦးအား တရားမဝင်ပစ္စည်းများကိုင်ဆောင်သည်ဟုဆိုကာ ထောင်အာဏာပိုင်များက မျက်နှာကို ခေါင်းစွပ်များစွပ်၍ ညှင်းပန်းနှိပ်စက်ခဲ့သည့်အပြင် ခြေကျင်းနှင့်ဒေါက်ခတ်ပြီး တိုက်သုံးလ ပိတ်ခဲ့သည်။