မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ တိုင်တားကျေးရွာအနီးတွင် စစ်တပ် ကင်းပုန်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း United States Of Burma Army-USBA က သတင်းထုတ်ပြန်သည်။
မတ်လ ၂၆ ရက်၊ ည ၈ နာရီခွဲဝန်းကျင်၌ မင်းတုန်းမြို့နယ်၊တိုင်တားကျေးရွာ အနောက်ဘက်ရှိ ဘုရားကုန်းအနီးတွင် စစ်တပ် ကင်းပုန်းကို PDF လှည့်ကင်းက ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
“တိုင်တားရွာမှာ အင်အား ၁၀၀ လောက်နဲ့ တပ်စွဲနေတာ ၂ ပတ်လောက်ရှိပြီ။သူတို့က ရွာအနောက်ဘက် ဘုရားကုန်းနားမှာ အင်အား ၃၀ လောက်နဲ့ ကင်းပုန်းဝပ်နေတာ။အဲ့ကင်းပုန်းက နေ ၁၀ ယောက်လောက်က ရှေ့ထွက်လာချိန် ကျနော်တို့ က တွေ့ပြီး ပစ်ခတ်မှုဖြစ်တာ။ကျနော်တို့ ပြန်ဆုတ်ခဲ့တယ်။သူတို့လည်း ဘုရားကုန်းကိုပဲ ပြန်ဆုတ်သွားတယ်”ဟုUSBA တာဝန်ခံ ကိုဗဟိန်း ကပြောသည်။
သေဆုံးသွားသည့် စစ်သားကို ဘုရားကုန်းအနီးတွင် မြေမြှုပ်ခဲ့ပြီး ဒဏ်ရာရရှိသူများအား တိုင်တားရွာထဲသို့ ပြန်သယ်သွားကြောင်းသိရသည်။
“ဒဏ်ရာရတဲ့သူတွေက လက်နက်ကြီးအစအနတွေပဲမှန်တာမို့ အသက်အန္တရာယ်မရှိဘူးကြားတယ်။သေတဲ့သူကတော့ ကုန်း(ဘုရားကုန်း)ဘေးနားမှာပဲ မြှုပ်တယ်လို့ကြားတယ်။ကျနော်တို့ဘက်က ထိခိုက်မှုမရှိပါဘူး” ဟု မင်းလှမြို့နယ်(ပကဖ) ရဲဘော်တစ်ဦးက ပြောသည်။
ယင်းစစ်ကြောင်းသည် မတ်လ ၁၆ ရက်တွင် တိုင်တားကျေးရွာသို့ရောက်ရှိလာပြီး စစ်မှုထမ်းရန် ဒေသခံများကို ခြိမ်းခြောက်နေကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုကို United States OF Burma Army – USBA၊ မင်းလှမြို့နယ် (ပကဖ)၊မကွေးမြို့နယ်(ပကဖ)နှင့်Key Of Revolution တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။
စစ်သားများထိခိုက်သေဆုံးမှုကို MPA အနေဖြင့်သီခြားအတည်မပြုနိုင်ပေ။