စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် မတ်လ ၁ ရက်မှ ၂၆ ရက်အထိ ကလေးငယ် စုစုပေါင်း (၃၂) ဦး သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ သိရသည်။
အဆိုပါသေဆုံးသူများတွင် အသက် ၁ နှစ် အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ၁၈ နှစ်အောက် သေဆုံးသူ မိန်းကလေး (၁၆) ဦးနှင့် ယောကျ်ားလေး (၁၆) ဦးတို့ဖြစ်ပြီး ၎င်းတို့အနက် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁၇ ဦး သေဆုံးခဲ့ရကြောင်း စာရင်းများတွင် ဖော်ပြထားသည်။
“ကလေးတွေအပေါ် လေကြောင်းတိုက်ခိုက်မှုဆိုတာက တကယ့်တကယ်တော့ အလွန်တရာမှ ရက်စက်ကြမ်း ကြုတ်တဲ့ အကြမ်းဖက်တိုက်ပွဲကို ဆင်နွှဲတာပါပဲ၊ NUG အနေနဲ့ ကလေးတွေအပေါ်ကို အကြမ်းဖက်စစ်ပွဲ ဆင်နွှဲတဲ့ သူတို့ကို လက်တွေ့ကျသော၊ ထိရောက်သော အရေးယူမှုတွေကို အမြန်ဆုံးစီစဉ်ဆောင်ရွက်ပေးဖို့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ပေးပါလို့ တောင်းဆိုချင်ပါတယ်” ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ပြောသည်။
တစ်လနီးပါးကြာကာလအတွင်း သေဆုံးသွားခဲ့သည့် ကလေးငယ် ၃၂ ဦးအနက် ရခိုင်ပြည်နယ်က ကလေးငယ် ၁၇ ဦးဖြင့် သေဆုံးမှုအများဆုံးဒေသဖြစ်ကြောင်း AAPP ထံမှသိရသည်။
အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝှမ်း တိုက်ပွဲဖြစ်ပွားရာနေရာများကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေပြီး ထိုသို့ တိုက်ခိုက်ရာတွင် အရပ်သားများ နေထိုင်သည့်နေရာများအပြင် ဆေးရုံ၊ ဆေးခန်း၊ သာသနိက အဆောက်အဦး၊ စာသင်ကျောင်းများနှင့် စစ်ဘေးရှောင်စခန်းများကိုပါ တိုက်ခိုက်လျက်ရှိသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအထိ စစ်ကောင်စီက လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့သည့် ဖြစ်စဥ်စုစုပေါင်း (၁၆၅၂) ရှိခဲ့ပြီး အပြစ်မဲ့ပြည်သူ (၉၃၆) ဦးသေဆုံးခဲ့ကာ ဒဏ်ရာရအရပ်သား (၈၇၈) ဦးအထိရှိနေပြီဖြစ်ကြောင်း ဥာဏ်လင်းသစ်သုတေသနအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
“စစ်အုပ်စုရဲ့ လေကြောင်းစစ်ဆင်ရေးလှုပ်ရှားမှုတွေက တစ်နှစ်ထက် တစ်နှစ်ပိုပြီးမြင့်တက်လာတာမလို့ အရပ်သား သေဆုံးဒဏ်ရာမှုက သိသိသာသာမြင့်တက်နေပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေအတွက် အသုံးပြုနေတဲ့ လေယာဉ်ဆီတွေ နိုင်ငံတကာမှ ရရှိနေတာတွေ ရပ်တန့်သွားဖို့ လေယာဉ်ဆီ ဖြတ်တောက်ရေး လှုပ်ရှားမှုကို ပြည်သူတစ်ရပ်လုံး ပါဝင်ပေးကြဖို့” အဆိုပါ အဖွဲ့က တိုက်တွန်းပြောဆိုထားသည်။
စစ်ကောင်စီက အရပ်သားများအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် ဂျီနီဗာကွန်ဗေးရှင်းနှင့် စစ်ရာဇဝတ် မှုများကို ကျူးလွန်နေခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက မှတ်ချက်ပြုသည်။