ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ အတွင်းရှိ ကျေးရွာများကို လိုက်လံမီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီစစ်ကြောင်းက အရာရှိတစ်ဦးစနိုက်ပါဖြင့် ပစ်ခတ်ရပြီးသေဆုံးသွားကြောင်း ဒေသခံများထံက စုံစမ်းသိရှိရသည်။
အင်အား ၅၀ ခန့်ပါသည့် စစ်ကောင်စီစစ်ကြောင်းသည် မတ်လ ၂၄ ရက်၊ နံနက် ၉ နာရီဝန်းကျင်တွင် ပေါင်းတည်မြို့နယ်အတွင်းရှိ ထန်းကုန်းကျေးရွာအား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဝင်ရောက်မီးရှို့ပြီးထွက်လာစဉ် စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။
“ အိမ်ခြေ ၃၀ လောက်ရှိတယ်မီးရှို့သွားတာ၊ တစ်ရွာလုံး ဘုန်းကြီးကျောင်းပဲကျန်တယ်။ လူတွေတော့ထိခိုက်မှုမရှိဘူး။ တောတောင်ထဲတိမ်းရှောင်နေရတော့ နေရစားရခက်ခဲတယ်” ဟု ထန်းကုန်းရွာခံတစ်ဦးကပြောသည်။
အဆိုပါကျေးရွာကို မီးရှို့ပြီးထွက်လာသော စစ်ကောင်စီစစ်ကြောင်းအား (၃၆၀၁ PPDF) တပ်ရင်း Sniper အဖွဲ့က စောင့်ကြိုပစ်ခတ်ခဲ့ရာ ဗိုလ်အဆင့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးသွားကြောင်း ၃၆၀၁ PPDF တပ်ရင်းဆက်သွယ်ရေးနှင့်သတင်းပြန်ကြားတာဝန်ခံကပြောသည်။
“ သေသွားတဲ့ဗိုလ်အလောင်းကို ထန်းကုန်းကနေ ပြင်ကြီးကို ပုခက်နဲ့သယ်သွားပြီး လှေဆိပ်ကနေ ဝဲကြီးဆည်ဘောင်ကိုလှေနဲ့သယ်တာ၊ ပြီးတော့ကားနဲ့ ပေါင်းတည်ဘက်ကိုသယ်သွားတယ်၊ ကိုက် ၃၀၀ ကနေ ပစ်တာဆိုတော့ မျက်မြင်အရအတည်ပြုရသလို တပ်တွင်းသတင်းရင်းမြစ်ကနေလည်းသိရတယ်” ဟု ၎င်းကရှင်းပြသည်။
ထိုသို့ ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၁၄ ရက်ကလည်း ပေါင်းတည်မြို့၊ မကျီးစမ်းရွာကို မီးရှို့ပြီးထွက်လာသော စစ်ကြောင်းကို sniper ဖြင့်ပစ်ခတ်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့သေးသည်။