နိုင်ငံအနှံစစ်ရှုံးနေသောစစ်ကောင်စီအနေဖြင့် အပြစ်မဲ့ပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်ကျူးလွန်နေကြောင်း ရက္ခိုင့်တပ်တော်က မတ်လ ၂၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
နိုင်ငံအနှံ့ စစ်စခန်းပေါင်းများစွာကို နေ့စဉ်လက်လွှတ်ဆုံးရှုံးနေရသော စစ်ကောင်စီသည် ရှုံးမဲမဲကာ ယုတ်ညံ့သော လုပ်ရပ်များနှင့်အတူ အပြစ်မဲ့ ပြည်သူလူထု၊ မြို့၊ ရွာများ၊ လူနေအဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ရှေးဟောင်းသမိုင်းဝင်အမွေအနှစ် စေတီ၊ ပုထိုးများနှင့် သာသနိက အဆောက်အအုံများကို လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်သည့် လုပ်ရပ်များ၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်များအပေါ် ပြစ်မှုကျူးလွန်ခြင်းများကို နေ့စဉ်ကျူးလွန်လျက်ရှိကြောင်း ရက္ခိုင့်တပ်တော် သတင်းနှင့် ပြန်ကြားရေး ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
“မင်းပြားမြို့နယ်၊ သာဒါရွာမှာ ဗုံးကြဲတာ ၂၃ ယောက်သေတယ်။ ၂၁ ရက်နေ့က မြောက်ဦးမြို့ကို ဂျက်လေယာဉ်နဲ့ လာပြီးပစ်တာ ကလေးတွေအပါအဝင် ၅ ယောက်သေတယ်။ ၂၂ ရက်နေ့ကလည်း မြေပုံမြို့နယ်၊ ညောင်ကန်ရွာက ဘုန်းကြီးကျောင်းကို ဗုံးကြဲတိုက်ခိုက်တယ်။ ဒဏ်ရာရတာတွေလည်းရှိသလို သေတာတွေလည်းရှိတယ်လို့ကြားတယ်။ ဒီလိုတွေ ပြည်သူကို ဗုံးကြဲတိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းကို ကျူးလွန်နေတာ”ဟု ရခိုင့် လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူတစ်ဦးက ပြောသည်။
စစ်ကောင်စီ၏ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ အရပ်သားပြည်သူလူထု သေဆုံးမှုနှင့် ဒဏ်ရာရမှုများ နေ့စဉ်ဖြစ်ပေါ်လျက်ရှိပြီး အရေအတွက်အားဖြင့် တစ်ရက်ပြီးတစ်ရက် မြင့်တက်လျက်ရှိနေကြောင်း သိရသည်။
“လေယာဉ်တွေလာလို့ရှိရင်တော့ နီးစပ်ရာက ဗုံးကျင်းတွေကို ဝင်ခိုရတာပေါ့။ တစ်ခါတစ်ခါလည်း ညဘက်လာတယ်။ တစ်ခါတစ်ခါလည်း နေ့ဘက်လာတယ်။ အခုဟာ စစ်ရှုံးတာကို လက်မခံဘဲ ရှံးမဲမဲနေသလို ဖြစ်နေတယ်။ တော်တော်လေးကို ဆိုးဆိုးရွားရွားဖြစ်နေတယ်”ဟု မင်းပြားဒေသခံတစ်ဦးကဆိုသည်။
ရက္ခိုင့်တပ်တော် AA ထိန်းချုပ်ထားသော မြို့နယ်များတွင် လေကြောင်းအချက်ပေးစနစ်ထားရှိနိုင်ရန်အတွက် ရက္ခိုင့်တပ်တော်က ပြင်ဆင်နေကြောင်း ULA/AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက မတ်လ ၄ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။
“ဒေသခံတွေကတော့ အသက်အန္တရာယ်တွေကို စိုးရိမ်နေတာတွေ ရှိပါတယ်။ ဘယ်နေ့ ဗုံးလာကြဲမလဲ။ ဘယ်နေ့ သေရမလဲဆိုပြီးပေါ့။ AA နဲ့ နီးစပ်တဲ့ နေရာတွေကိုဆို စစ်ကောင်စီက ဗုံးကြဲတာတွေ လုပ်တာကိုး။ ဒါပေမယ့် AA ဘက်က ထိခိုက်တာတွေ မရှိဘူး။ ဒေသခံတွေပဲ ထိခိုက်တာမျိုးတွေ ဖြစ်တယ်။ ပြောချင်တာကတော့လေ ဒီလိုလုပ်နေတဲ့ စစ်ကောင်စီကိုပဲ နှိမ်နင်းဖို့ကိုပဲ တောင်းဆိုချင်တယ်”ဟု ရခိုင်ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီသည် စစ်ရေးအရ ရှုံးနိမ့်နေမှုများကို အာရုံလွဲသွားစေရန်အတွက်လည်း ထိလွယ်ရှလွယ်ဖြစ်သော လူမျိုးရေး၊ ဘာသာရေး၊ ပဋိပက္ခများကို ဖြစ်ပေါ်အောင် ပိုမိုအားစိုက် ကြိုးပမ်းနေမှုများရှိနေပြီး မတ်လ ၁၉ ရက်ကလည်း ဘူးသီးတောင်အခြေစိုက် စကခ ၁၅ မှ လူမျိုးရေးပဋိပက္ခဖြစ်ပွားစေရန် ရည်ရွယ်၍ ဆန္ဒပြပွဲကို ပြုလုပ်ခဲ့သည်မှာ အထင်အရှားပင်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော်၏ သတင်းထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
ထို့အတူ အာရက္ခပြည်သူများအနေဖြင့် စစ်ကောင်စီမှ ဖြစ်စေချင်သည့် နိုင်ငံရေးထောက်ချောက်အတွင်းသို့ သက်ဆင်းမကျသွားစေရန် နိုင်ငံရေးအသိ၊ သမိုင်းထဲမှ အတွေ့အကြုံ၊ သင်ခန်းစာများဖြင့် သတိထားနေထိုင်ကြရန်နှင့် စစ်ကောင်စီ၏ လုပ်ရပ်များကို သတိထားစောင့်ကြည့်ကြရန်လည်း ရက္ခိုင့်တပ်တော်က သတိပေးတိုက်တွန်းထားသည်။