ကချင်ပြည်နယ်၊ မချမ်းဘောမြို့နယ်၊ မချမ်းဘော – ခေါင်လန်ဖူးလမ်းပိုင်း၊ အလန်ဂါးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို မတ်လ ၂၄ ရက်၊ နံနက် ၁၁ နာရီအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စွန့်ခွာသွားကြကြောင်း ဒေသခံများထံက သိရသည်။
“ လက်နက်၊ ရိက္ခာတွေ အကုန်ယူသွားကြတာ၊ စစ်ကောင်စီတပ်ဖွဲ့တွေ ထွက်သွားကြတာကောင်းတယ်။ အင်အားက ၃၀ လောက်ပဲရှိတာ၊ ပူတာအိုမြို့ပေါ်ကို သွားကြတာ” ဟု ဒေသခံနှင့် နီးစပ်သူတစ်ဦးက MPA သို့ပြောသည်။
အလန်ဂါးကျေးရွာတွင် အဆိုပါတပ်စခန်းအား ၂၀၁၈ ခုနှစ်မှစတင်ကာ အထိုင်ချထားခြင်းဖြစ်ပြီး ၆ နှစ်ဝန်းကျင်အကြာတွင် စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာထွက်ပြေးသွားကြခြင်းဖြစ်သည်။
ပြီးခဲ့သည့် မတ်လ ၂၃ ရက်ကလည်း မံစီမြို့နယ်၊ ဘန်ထန်ကျေးရွာအခြေစိုက် စစ်ကောင်စီ ခလရ ၄၂၆ တပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စခန်းစွန့်ခွာထွက်ပြေးသွားသဖြင့် မတ်လ ၂၅ ရက်တွင် KIA တပ်ဖွဲ့က နယ်မြေရှင်းလင်းရေးများလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ယခုကဲ့သို့ စခန်းစွန့်ခွာထွက်ပြေးနေခြင်းမှာ စစ်တပ်၊ တပ်ရင်းများလူအင်အားမပြည့်ခြင်းနှင့် တပ်ရင်း၊ တပ်မများ၌ လူပြန်စုခြင်းများဖြစ်နိုင်ကြောင်း စစ်ရေးလေ့လာသုံးသပ်သူတစ်ဦးက ဆိုသည်။
“ စစ်တပ်က အခု တစ်နိုင်ငံလုံးမှာ အင်အားနည်းတယ်၊ သေချာပေါက် လက်လွှတ်ရမယ်လို့ သတ်မှတ်ထားတဲ့ အစွန်အဖျားက စခန်းတွေကို တပ်ဆုတ်တာတွေလုပ်ပြီး၊ မြို့ကြီးတွေမှာ လူပြန်စု၊ ခုခံစစ်ပြင်တဲ့အနေအထားပေါ့” ဟု ၎င်းကသုံးသပ်သည်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်ကလည်း မချမ်းဘောမြို့နယ်၊ အင်ခါးဂါကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းက စစ်ကောင်စီနှင့် ခေါင်လန်ဖူးဌာနပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များ စခန်းစွန့်ခွာထွက်ပြေးသွားကြသေးသည်။