မကွေးတိုင်း၊ ကမ္မမြို့တွင်ရောက်ရှိနေသော ရိက္ခာယာဉ်တန်းမှခွဲ၍ မြိုင်မြို့နယ်၊ တွင်းမပျုရွာသို့ ရိက္ခာသွားပို့သော စစ်ကောင်စီစစ်ကြောင်းကို ဗုံးကြဲတိုက်ခိုက်ခံရသဖြင့် ၄ ဦးသေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ကမ္မမြို့မှ မြိုင်မြို့နယ်၊ တွင်းမပျုရွာသို့ ရိက္ခာသွားပို့သော အင်အား ၁၀၀ ခန့်ပါသည့် ခြေလျင်စစ်ကြောင်းနှင့် စစ်ကောင်စီယာဉ် ၄ စီးကို မတ်လ ၂၄ ရက်၊ နံနက် ၇ နာရီမှ ညနေ ၄ နာရီအထိ ဒရုန်းအသုံးပြုကာ ဗုံးသီးအလုံး ၅၀ ခန့်ဖြင့် လိုက်လံတိုက်ခိုက်ခဲ့ကြောင်း မြိုင်ပကဖမှ ဗိုလ်လက်ျာက MPA ကိုပြောသည်။
“ ကမ္မကနေ ထွက်လာပြီဆိုထဲက တောက်လျှောက်လိုက်ချတာဗျ။ သူတို့( စစ်ကောင်စီစစ်ကြောင်း ) တွင်းမကိုရောက်ပြီးတော့ တွင်းမကနေ သရက်ကန်တို့၊ ကိုင်းတောမဖက်ကို ရိက္ခာသွားပို့မှာ။ လမ်းကြောင်းထွက်မရတော့ တွင်းမပျုရွာထဲက စာသင်ကျောင်းတို့ ဘုန်းကြီးကျောင်းတွေထဲမှာ နားနေကြတာကို ထပ်ပြီးချတာ” ဟု ၎င်းကရှင်းပြသည်။
ထို့သို့ တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိသည်ကို အတည်ပြုနိုင်ခဲ့ပြီး ဗုံးသီးတစ်ကြိမ်ချပြီးတိုင်းတွင် အဆိုပါစစ်ကြောင်းက ၆၀ မမများဖြင့် ပြန်လည်ပစ်ခတ်မှုများရှိသော်လည်း ကာကွယ်ရေးအဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်း ၎င်းကဆက်ပြောသည်။
“ တစ်နေကုန်လိုက်ချတာဆိုတော့ ဗုံးသီး ၅၀ လောက်ရှိတယ်။ ဗုံးသီးချပြီးတိုင်းမှာ စစ်ကောင်စီတပ်သားတွေ ခွေးပြေးဝက်ပြေး ပြေးကြတာ။ ၆၀ မမနဲ့ လျှောက်ပစ်တာ ဘာညာရှိပေမယ့် ကျွန်တော်တို့က ဘာမှမဖြစ်ဘူးဗျ။ သူတို့ကတော့ ဒဏ်ရာရစစ်သားတွေ ညောင်ဂျစ်ပင်ဖက် ထမ်းခေါ်သွားတယ်” ဟု ၎င်းကဆိုသည်။
ယင်းရိက္ခာပို့ယာဉ်တန်းကြောင့် ပခုက္ကူ ၊ ကမ္မ ၊ မြိုင်မြို့နယ်များအတွင်းရှိ ကျေးရွာ ၈ ရွာခန့် ဘေးလွတ်ရာသို့တိမ်းရှောင်နေကြရကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။
“ မန်ကျည်းတန်းတို့ ၊ နှမ်းဆီကန် ၊ သာစည်ကန် အဲဒီရွာဖက်ကလူတွေနဲ့ တခြားရွာဖက်တွေပေါ့ ။ ကမ္မတကြောကလူတွေပါ စစ်ရှောင်နေရတာ” ဟု ၎င်းကဆိုသည်။
ပြီးခဲ့သည့် မတ်လ ၂၃ ရက်ကလည်း ပခုက္ကူမြို့မှ ကမ္မမြို့ဘက်သို့ ထွက်လာသော ရိက္ခာပို့ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခြင်း ၊ drop-bomb ချကာတိုက်ခိုက်ခြင်းများပြုလုပ်ခဲ့သဖြင့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိသည့်အပြင် မော်တော်ယာဉ်များလည်း ပျက်စီးဆုံးရှုံးမှုရှိကြောင်း မြိုင်ပကဖက သတင်းထုတ်ပြန်ထားသည်။